Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစားအစာတီထွင်ဆန်းသစ်မှုဌာနတွင် MSME အကျိုးပြုလုပ်ငန်းများမှ ရလဒ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် သြဂုတ် ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာနတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် MSME စားသောက်ကုန်လုပ်ငန်းရှင်များကို သင်တန်းများပေးခြင်း၊ နည်းပညာများကို ပံ့ပိုးလွှဲပြောင်းပေးခြင်းနှင့် ကုန်ကြမ်းပေး-ကုန်ချောယူ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် အဆိုပါဌာနရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအား‌ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ မျိုးဆက်သစ်လူငယ်သုတေသီများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်းခွင်တွင် ပျော်ရွှင်အဆင်ပြေစွာ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်အခက်အခဲများကိုမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဌာနတာဝန်ခံက မဲခေါင်-လန်ချန်း စီမံကိန်းဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှုမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်သီးများကို မူလအရောင်၊ အနံ့၊ အရသာမပျက်စေဘဲ အာဟာရဓာတ်များ ပြည့်ဝစွာ ကြာရှည်ခံအောင် စမ်းသပ်ထုတ်လုပ်ထားသော တန်ဖိုးမြင့်စားသောက်ကုန်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှရရှိသော ဒေသထွက်ကုန်ကြမ်းများမှ တန်ဖိုးမြင့်စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာကာ ပြည်တွင်းဖူလုံမှုမှသည် နိုင်ငံတကာ စျေးကွက်အထိ ထိုးဖောက်နိုင်ရေးနည်းပညာများအပြင် စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရေးပူးပေါင်းပံ့ပိုးပေးရန်၊ နည်းပညာမြင့် ကုန်ထုတ်စက်ပစ္စည်းများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ သုတေသနရလဒ်များနှင့် နည်းပညာများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးမှုကို မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် သုတေသီများ၏ အဖွဲ့လိုက်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် ကိုက်ညီစေရေးနှင့် ပြည်သူ့လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးတိုက်ရိုက်အကျိုးပြုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားကာ တာဝန်ရှိသူများနှင့် မျိုးဆက်သစ်လူငယ်သုတေသီများကို သုတေသနဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်