မြစ်ကြီးနား ဩဂုတ် ၁၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ထောက်ပံ့ပေးအပ်
တွေ့ဆုံစဉ် ဌာနအလိုက် တာဝန်ရှိသူများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသည့် ဆောင်ပုဒ်နှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်း/စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ အထက်မှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန်၊ ဌာနတာဝန်ခံများအနေဖြင့် မိမိဝန်ထမ်းများ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးရန်ပြောကြားပြီး မြစ်ကြီးနားမြို့တွင် တာဝန်ထမ်းဆောင်နေသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက် ဧရာဝတီမြစ်ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် ကမ်းပြို/ကမ်းထိန်းကာကွယ်ရေး လျာထားလုပ်ငန်းအစီအမံများနှင့် မြစ်ကမ်းလမ်းကြောင်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လျာထားလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးပြီး စီတာပူရပ်ကွက်ရှိ အင်ဂျန်းခချောင်းအတွင်းနှင့် မနောကွင်းအနီး ဧရာဝတီမြစ်ရေတိုက်စားမှုနှင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီမြစ်ရေကြီးမှုမှ ကာကွယ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအပေါ် အရည်အသွေးပြည့်မီစွာ အချိန်မီဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိပြီး လေကြောင်းဖြင့် ခရီးသွားလာလျက်ရှိသော ခရီးသွားလုပ်သားပြည်သူများ၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆိုက်ရောက်/ထွက်ခွာမှုအခြေအနေများ၊ လေဆိပ်တွင် အသုံးပြုလျက်ရှိသော X-ray စက်၊ CCTV များ ကောင်းမွန်မှု ရှိ/မရှိ၊ လေကြောင်းထိန်းမျှော်စင်၏ ဆက်သွယ်ရေးစက်များ၊ လေကြောင်းထိန်းစနစ်များ ကောင်းမွန်မှု ရှိ/မရှိ၊ လေယာဉ်ပြေးလမ်းနှင့် ပြေးလမ်း၏ဝဲယာတွင် ပန်းနှမ်းပင်များ စိုက်ပျိုးရန်လျာထားသည့် မြေနေရာများနှင့် လေယာဉ်အရေးပေါ် အသက်ကယ်မီးသတ်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်