နေပြည်တော် ဩဂုတ် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စနစ်တကျသင်ကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများနှင့် ပင်မခြောက်ထပ်ဆောင်တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သုတေသနပညာရှင်များ၊ နည်းပညာရှင်များ ဖြစ်လာစေရန် ကျောင်းသား ကျောင်းသူများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်နှင့် စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေး၍ ပြည်သူ့အကျိုးပြုသုတေသနများကို ဆောင်ရွက်ကြရန်မှာကြားပြီး ပင်မခြောက်ထပ်ဆောင်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအပေါ် အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးတို့ကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ရန်ကုန်အနောက် ပိုင်းနည်းပညာတက္ကသိုလ်ပင်မ သုံးထပ်စာသင်ဆောင်သစ်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေးကုမ္ပဏီတာဝန်ရှိသူက ပင်မသုံးထပ်ဆောင်တည်ဆောက်ရေးနှင့် တည်ဆောက်နေမှုအစီအစဉ်များ၊ တည်ဆောက်ရေးဆိုင်ရာတို့ကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထားဆောင်ရွက်ကြရန်နှင့် အချိန်မီပြီးစီးနိုင်ရေးတို့ကို မှာကြားကာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်