Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ROSATOM နှင့် ပူးပေါင်း၍ သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့အစီအစဉ်များကို စင်ကာပူ − မြန်မာ သက်မွေးပညာသင်တန်းကျောင်းနှင့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတို့၌ ကျင်းပ

နေပြည်တော် သြဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်‌ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၄၊ တတိယနေ့ အစီအစဉ်များကို ယနေ့တွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အားပေးသည်။

စကားဝိုင်းဆွေးနွေး

နံနက်ပိုင်း၌ ဒုတိယဝန်ကြီးသည် စင်ကာပူ−မြန်မာ သက်မွေး ပညာသင်တန်းကျောင်းရှိ စုဝေးခန်းမ၌ နိုင်ငံ့အကျိုးပြုအမျိုးသမီးသိပ္ပံပညာရှင်များ ပေါ်ထွန်းလာစေရေး မျိုးစေ့ချပေးသည့်အနေဖြင့် ရည်ရွယ်ကျင်းပသော ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့မှ အမျိုးသမီးသိပ္ပံပညာရှင် နှစ်ဦး၏ “Tough question: become a Female Scientist” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ပွဲကို တက်ရောက်အားပေးသည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းတို့မှ ကျောင်းသား ကျောင်းသူ ၁၅၂ ဦးနှင့် ဆရာမရှစ်ဦးတို့ တက်ရောက်ကြသည်။ ပညာရှင်တို့က သိပ္ပံနှင့်နည်းပညာ၊ နျူကလီးယားနှင့် အင်ဂျင်နီယာဘာသာရပ်များ၏ အရေးပါမှုနှင့် ဗဟုသုတများ၊ သိပ္ပံပညာရှင်ဖြစ်ရန် ဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသားကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ပညာရှင်များက ပြန်လည်ဖြေကြားကြသည်။ တစ်ဖန် ကျောင်းသားကျောင်းသူများအား ဆွေးနွေးပွဲအပေါ် နားလည်သဘောပေါက်မှုနှင့် ရရှိသည့်ဗဟုသုတများကို အပြန်အလှန်အဖြစ် မေးမြန်းဆွေးနွေးကြသည်။

ဂုဏ်ပြုဆုများ ပေးအပ်

ယင်းနောက် ဒုတိယဝန်ကြီးသည် ဖြေဆိုမှုမှန်ကန်သော ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် နျူကလီးယားနည်းပညာသတင်းအချက် အလက်စင်တာတွင်ပွဲတော်၏ သိပ္ပံနှင့်နျူကလီးယားနည်းပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများတွင် ပါဝင်ကူညီပေးကြပြီး ROSATOM မှ ချီးမြှင့်သည့် ၂၀၂၄ − ၂၀၂၅ ပညာသင်နှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များတွင် မဟာဘွဲ့ပညာသင်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခြင်းအခမ်းအနားကိုကျင်းပရာ ဒုတိယဝန်ကြီးကဆုများကို ချီးမြှင့်ပေးအပ်သည်။

ဉာဏ်စမ်းဂိမ်းများယှဉ်ပြိုင်

ဆက်လက်၍ အဆိုပါစင်တာ၌ ကျင်းပသော DIY Science Session ၌ ROSATOM မှ တာဝန်ရှိသူများက သိပ္ပံဘာသာရပ်များဆိုင်ရာ စဉ်စားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည်များကို မြှင့်တင်ပေးနိုင်သည့် ဉာဏ်စမ်းဂိမ်းများကို ယှဉ်ပြိုင်စေ‌ရာ ဒုတိယဝန်ကြီးသည် ဝင်ရောက်ဆင်နွှဲသည့် ကျောင်းသားကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးပြီး ထူးချွန်ဆုရရှိ သူများအားဒုတိယဝန်ကြီးက ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။ ထို့နောက် အဆိုပါစင်တာ ရှေ့တွင်ကျောင်းသား ကျောင်းသူများက ATOM စာလုံးကို ပုံဖော်နေရာယူ၍ “May the Nuclear Force be with You” စာသားများ ရေးထိုးထားသော အမှတ်တရ မိုးပျံပူဖောင်းများကို ကောင်းကင်သို့လွှတ်တင်၍ သိပ္ပံပွဲတော် ၂၀၂၄ ကို အောင်မြင်စွာကျင်းပပြီးစီးကြောင်း သိရသည်။

သတင်းစဉ်