Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

ရန်ကုန် ဩဂုတ် ၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနသို့ရောက်ရှိကာ အေးချမ်းစွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အင်္ဂလိပ်စာနှင့် AI နည်းပညာရပ်များကို နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူခြင်းဖြင့် မိမိအနာဂတ်အတွက်သာမက နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေကြောင်းအားပေး စကားပြောကြားပြီး အဆောင်နေကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေးကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သင်္ချာဌာနနှင့် ဓာတုဗေဒဌာနသို့ရောက်ရှိပြီး နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍  စာကြည့်တိုက်နှင့် အင်တာနက်ကို ထိရောက်စွာအသုံးပြု၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုသည့် ပရောဂျက်များကို စနစ်တကျ လုပ်ဆောင်ကာရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြား သည်။

ယင်းနောက် ဒဂုံတက္ကသိုလ်ရှိ စားသောက်ဆိုင်တန်းကို လှည့်လည်ကြည့်ရှုပြီး အစားအသောက်များ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ကျောင်းသား ကျောင်းသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးနှင့် စားသောက်ဆိုင်တန်းများ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အဆင့်မီရေး ဆက်လက်ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ပရဝဏ်အတွင်း သန့်ရှင်းသာယာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဘွဲ့နှင်းသဘင်ခန်းမရှိ အစည်းအဝေးခန်းတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများအား စဉ်းစားတွေးခေါ်မှုကို အားပေးသည့်နည်းလမ်းများဖြင့် ပညာရပ်နယ်ပယ်ကို အမှန်တကယ် တတ်ကျွမ်းအောင်သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ တက္ကသိုလ်ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီရုံးသို့ရောက်ရှိပြီး အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြဋ္ဌာန်းပြီးသည့် Grade-1 မှ Grade-12 အထိ သင်ရိုးညွှန်းတမ်းများ ပြန်လည်ဆန်းစစ်မွမ်းမံခြင်း၊ ဘာသာရပ်သင်ကြားမှုနည်းစနစ်များ အကြုံပြုခြင်း၊ အကဲဖြတ်စစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်