Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး တက်ရောက်

ဗီယင်ကျန်း ဩဂုတ် ၁၆

(၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး (Forty-Sixth Meeting of the High-level Task Force on ASEAN Economic Integration-46th HLTF-EI) ကို ဩဂုတ် ၁၄ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် တက်ရောက်သည်။

အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables – PEDs)များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစီးပွားရေးမျှော်မှန်းချက်၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား လွတ်လပ်သော ကုန်သွယ်မှုဒေသများ တည်ထောင်ရာတွင် တွေ့ကြုံရသည့်အသစ်နှင့် ပေါ်ထွန်းဆဲ (New and Emerging Issues) ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံမဟာဗျူဟာအကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကောင်းမွန်သော စီမံမှုလုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ လျှပ်စစ်မော်တော်ယာဉ်နှင့် ဘက်ထရီထုတ်လုပ်မှုဆိုင်ရာ ကောင်းမွန်သော စီမံမှုလုပ်ထုံးလုပ်နည်းများအတွက် Pilot Project အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) (မူကြမ်း) ရေးဆွဲမှု၊ ၂၀၂၅ အလွန် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) လေ့လာမှုနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) လမ်းပြ မြေပုံ -၂၀၂၅ ၏ အပြီးသတ်ကာလသုံးသပ်ချက် (End- Term Review- ETR of AEC Blueprint 2025) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန် ယူဆောင်ရွက်ရန် ပြင်ဆင်မှုများနှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ တင်ပြမည့်အကြံပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်း ကြသည်။

အစည်းအဝေးသို့ လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Manothong Vongsay က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အာဆီယံ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံနိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များဖြင့် ဖွဲ့စည်းထားပြီး အာဆီယံစီးပွားရေးအသိုက်အဝန်း၏ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်း စဉ်များအပေါ် ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်