နေပြည်တော် ဩဂုတ် ၁၆
အာဆီယံ - တရုတ်ရက်သတ္တပတ် - ၂၀၂၄ (ASEAN China Week) ကို အာဆီယံ - တရုတ်ဘက်စုံမဟာဗျူဟာကျသော ပူးပေါင်းဆောင်ရွက်မှု - ဆန်းသစ်တီထွင်မှုများဖြင့် ကြွယ်ဝချမ်းသာခြင်းဆီသို့ (ASEAN-China Comprehensive Strategic Partnership: Achieving Prosperity through Innovation) ခေါင်းစဉ်ဖြင့် သြဂုတ် ၁၁ ရက်မှ ၁၂ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ် ချန်ကျိမြို့ ချန်ကျိဘင်ဟု ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းစင်တာ (Changzhi Binhu Cultural and Tourism Services Center) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် သြဂုတ် ၁၁ ရက်တွင် အာဆီယံ - တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာရှီကျုံးကျွင့်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးနှင့် တရုတ်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအကြောင်းများ ပိုမိုသိရှိရေးအတွက် ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှန်းရှီးပြည်နယ်အစိုးရခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အာဆီယံ - တရုတ် ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ - တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းများ ခင်းကျင်းပြသနေမှုများကို လိုက်လံ ကြည့်ရှုခဲ့ပြီး ညနေပိုင်းတွင် ရှန်းရှီးပြည်နယ်အစိုးရက တည်ခင်းကြိုဆိုဧည့်ခံသော ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဩဂုတ် ၁၂ရက်တွင် အာဆီယံ- တရုတ် ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CPC ရှန်းရှီးပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ရှန်းရှီးပြည်နယ် မြို့တော်ဝန် မစ္စတာ ကျင်းရှန်းကျွင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် လာအိုနိုင်ငံမှ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Khanbay Damlath၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်ခေါင်းဆောင်များ၊ အာဆီယံ - တရုတ်စင်တာမှ အတွင်းရေးမှူးချုပ် မစ္စတာ ရှီကျုံးကျွင့်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ အဆင်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးသံမှူးများ၊ ကျောင်းသားလူငယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများ ပါဝင်တက်ရောက်ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုများ အပြန်အလှန်ရရှိနိုင်ပါကြောင်း၊ ထို့အပြင် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ပြည်သူအချင်းချင်း ယဉ်ကျေးမှုများနှင့် ဆက်သွယ်သွားလာမှုများ အပြန်အလှန်တိုးမြှင့်ခြင်းဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအပြင် ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုတိုးတက်လာနိုင်ပါကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြန်လည်အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် အစီအစဉ်ဒုတိယပိုင်းအဖြစ် အာဆီယံ - တရုတ်နိုင်ငံအကြား အရည်အသွေးပြည့်ဝသော ထုတ်လုပ်မှုများကို တွန်းအားပေးရေး၊ ဒေသတွင်းကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် “အာဆီယံ - တရုတ် သွင်းကုန်ထုတ်ကုန်ဝန်ဆောင်မှုပလက်ဖောင်း” ဖွင့်လှစ်ခြင်း၊ ကုန်သွယ်မှုမြှင့်တင်ရေးဗီဒီယိုပြသခြင်း၊ အာဆီယံ - တရုတ်စင်တာ၏ အမှတ်တံဆိပ် လာဘ်ကောင်ဖန်တီးမှုဆုများ ချီးမြှင့်ခြင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်များသို့ ပါဝင်တက်ရောက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှု အပြန်အလှန်မျှဝေရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်မှုများတွင် ခရီးသွားကဏ္ဍမှ ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ သံရုံးများမှ စီးပွားရေးဆိုင်ရာ အရာရှိများ၊ သံမှူးများက မိမိတို့၏နိုင်ငံများအလိုက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခြေအနေများကို ပါဝင်ဆွေးနွေးခဲ့ရာ မြန်မာသံရုံး ပေကျင်းမြို့ရှိ စီးပွားရေးသံမှူး ဒေါ်သင်းသင်းအောင်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ရရှိနိုင်မည့် ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ မြေနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကျိုးခံစားခွင့်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံတွင် ဗီဒီယိုများ လွှင့်တင်ကြော်ငြာသော ဝက်(ဘ်)ဆိုဒ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် ဘီလီဘီလီ (bilibili) မှ ကိုယ်စား လှယ်နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဗီဒီယိုများကို ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
ညပိုင်းတွင် အာဆီယံ - တရုတ် ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် တေးဂီတဖျော်ဖြေပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်အားပေးခဲ့သည်။
အာဆီယံ - တရုတ် ရက်သတ္တပတ်အစီအစဉ်နှင့် ပူးတွဲကျင်းပပြုလုပ်သည့် အာဆီယံ - တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြခန်းများတွင် မြန်မာနိုင်ငံမှ အထင်ကရခရီးစဉ်ဒေသများနှင့် ယဉ်ကျေးမှုအနုပညာများ၊ ယွန်းထည်ပစ္စည်းများနှင့် တရုတ်ဘာသာဖြင့် ရေးသားထားသော ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလက်ကမ်းစာစောင်များကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။
သတင်းစဉ်