Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၉) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၁၆

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။

(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ဆုပ်ချန်ဒါ ဆိုပီအာ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင်မင်းဟန် တို့ တက်ရောက်ကြသည်။

(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ရေ အရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်း ဘက်စုံပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်ဖောက်ကားမှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တားဆီးကာကွယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်းဒေသတွင်း လေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစသည့် နယ်ပယ်များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီက (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ယမန်နေ့ညပိုင်းတွင် ချင်းမိုင်မြို့ရှိ အင်တာကွန်တီနင်တယ်ဟိုတယ်၌ ကြိုဆိုဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်စသည့် အဖွဲ့ဝင် ခြောက်နိုင်ငံပါဝင်ပြီး မဲခေါင်-လန်ချန်းဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။

သတင်းစဉ်