Skip to main content

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြော တင်ပြ

 

နေပြည်တော် စက်တင်ဘာ ၁၄

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျစိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားအပ်ပါသော ရေဒီယိုနှင့်ရုပ်မြင်သံကြားဖန်သားပြင်ပေါ် ကြည့်ရှု အားပေးကြပါသော မိဘပြည်သူ ပရိသတ်အပေါင်းတို့ . . .

ယခုလို ရေဒီယိုနှင့် ရုပ်မြင်သံကြားဖန်သားပြင်ပေါ် မိမိတို့၏မူဝါဒ သဘောထားနှင့် လုပ်ငန်းစဉ်များ စည်းရုံး ဟောပြော ထုတ်လွှင့်ခွင့်များရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အထူးကျေးဇူး တင်ရှိကြောင်း ပဏာ မ ပြောကြားလိုပါတယ်။

ကျွန်တော်ကတော့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးကျစိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မူဝါဒသဘော ထားများကို ရှေးဦးစွာ တင်ပြ သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မူဝါဒသဘော ထားများမှာ -

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများခေတ်မီတိုးတက်သည့် နိုင်ငံတော်ကြီး တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုက်နာကျင့်သုံးမှသာ အောင်မြင်မှုရရှိမည်ဟု မိမိတို့ပါတီအနေဖြင့် ယုံကြည်ပါတယ်။

ယင်းကဲ့သို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာတွင် လားဟူအမျိုး သားများနေထိုင်ရာဒေသအတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်း သား လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှုအင်အားကို ရယူနိုင်ရေးအတွက် စည်းရုံး လှုံ့ဆော်နိုင်ရန် လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို လားဟူ ဘာသာဖြင့် (လားဟူချေကျူအူ လာမူ လာတူပါတီ) ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်(Lahu National Development Party) ဟုခေါ်ဆိုပါ တယ်။

ဆက်လက်ပြီး ကျွန်တော်တို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ အလံတော်အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ အလံဟာ အလျား ၅ ပေ၊ အနံ ၂ ပေခွဲရှိပြီး အလံတစ်ခုလုံးရဲ့ ရှေ့ဘက်မှာ အဖြူရောင် သုံးနားညီတြိဂံထောင်ထားပါတယ်။ နောက်ခံအနီရောင်နှင့် မိုးပြာ ရောင် တို့ဟာ အလံရဲ့ အလျားလိုက် ထက်ဝက်စီဖြင့် အရောင်ခြယ်ထားပါတယ်။

ထောင်ထားသောသုံးနားညီတြိဂံ၏ အဖြူရောင်နောက်ခံ၍ လားဟူရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အစဉ်အဆက် အသုံးပြုသော ဘူးခါးပလွေ နှစ်ခုကို ကြက်ခြေခတ်ပုံစံဖြင့် ထောင်ထား၍ ကြက်ခြေခတ် ဆုံတဲ့ နေရာ တွင် စပါးနှံတစ်နှံ ထောင်ထားပြီး စပါးနှံထိပ်တွင် ကြယ်နီတစ်ပွင့် ရှိပါတယ်။

အလံ၏ အဓိပ္ပာယ်ဖော်ပြချက်ကတော့ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီအလံတွင် ပါဝင်သော အဖြူ ရောင်၊ တြိဂံ၊ ဘူးခါးပလွေ၊ စပါးနှံနှင့် ကြယ်နီပွင့်တို့ရဲ့ အဓိပ္ပာယ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဖြူရောင်ကတော့ ဖြူစင်သန့်ရှင်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကတိသစ္စာရှိခြင်းကို အသွင်ဆောင်ပါသည်။ အနီရောင်ကတော့ ရဲစွမ်းသတ္တိ ရှိခြင်း၊ နိုးကြားတက်ကြွခြင်း ၊ ရဲရင့်တည်ကြည်ခြင်းကို ဖော်ဆောင်ပြီး၊ မိုးပြာ ရောင်ကတော့ ကြည်လင်အေးမြခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်း ခြင်းနဲ့ စည်းလုံးညီညွတ်မှုတို့ကို ဖော်ညွှန်း ပါတယ်။

တြိဂံဟာ လားဟူအမျိုးသားများ၏ ဘုရားတရားကို သက်ဝင်ယုံကြည် ကိုင်းရှိုင်းခြင်း၊ မျိုးချစ်စိတ်ရှိခြင်းနှင့် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးခြင်း တို့ကို ဆိုလိုပါတယ်။

ဘူးခါးပလွေကတော့ ခေတ်အဆက်ဆက်မှ လားဟူအမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ စည်းလုံး ညီညွတ်မှု အသွင်ဆောင်လျက် အထွတ်အမြတ် ထားခြင်း၊ မည်သည့်နေ့ထူးနေ့မြတ် ပွဲလမ်းသဘင်တွင်မဆို ဘူးခါးပလွေတီးမှုတ်လျက် တစ်စည်းတစ်လုံးတည်းဖြင့် ဂုဏ်ပြုကခုန်ပြီး စည်းလုံး ညီညွတ်မှုကို ခံယူပါတယ်။

စပါးနှံဟာ လားဟူအမျိုးသားတို့ရဲ့ ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက် အသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းကို ဦးထိပ်ထားလျက် ဖွံ့ဖြိုးတိုးတက်ရေးအသွင်ကို ဆောင်ပါတယ်။

ကြယ်နီတစ်ပွင့်ကတော့ လားဟူအမျိုးသားအားလုံး ကိုယ်စားပြုသည့် ကြယ်နီတစ်ပွင့် ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ စည်းတံဆိပ်မှာ အဝိုင်းပုံဖြစ်ပြီး ထိပ်ဆုံး၌ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟူ၍ မြန်မာ ဘာသာဖြင့် ရေးသားထားပြီး အောက်ပိုင်းတွင် လားဟူဘာသာဖြင့် ရေးသားထားပါတယ်။ မြန်မာ ဘာသာ နှင့် လားဟူဘာသာစပ်ကြား တစ်ဖက်တစ်ချက်တွင် ကြယ်တစ်ပွင့်စီပါရှိပါတယ်။ တံဆိပ်ရဲ့ အလယ် ဗဟိုတွင် လားဟူရိုးရာယဉ်ကျေးမှုရဲ့ အထွတ်အမြတ်ဖြစ်သော ဘူးခါး ပလွေနှစ်ခုကို ကြက်ခြေခတ် ဆုံတဲ့နေရာတွင် မှည့်ဝင်းနေသော စပါးနှံ တစ်နှံကို ထောင်ထားပါတယ်။ စပါးနှံရဲ့ထိပ်တွင် ကြယ်တစ်ပွင့် ပါရှိပါ တယ်။ ကြက်ခြေခတ်ပုံစံဖြင့် ထောင်ထားသည့် ဘူးခါးပလွေအောက်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုကောက်ဖြစ်သော (LNDP)စာလုံးကို ရေးသားထားပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်ကတော့...

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံတော်၏ နယ်နိမိတ်အတိုင်း နိုင်ငံ တစ်ဝှမ်းလုံးတွင် တည်ရှိစေရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး၊ မြန်မာ့လွတ်လပ်ရေး အဓွန့် ရှည်ရေး စသည်တို့ကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားရန်။

လားဟူတိုင်းရင်းသားလူမျိုးစုတို့ရဲ့ စာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာ၊ အနုပညာ ဖွံ့ဖြိုး တိုးတက်ဆန်းသစ်ရှင်သန်လာအောင် ပြုစု ပျိုးထောင်သွားရန်။

နိုင်ငံသားတိုင်း အခွင့်အရေးတန်းတူရရှိမှုနှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေ ဒေသအတွင်း နိုင်ငံရေး၊ စီးပွားရေးစည်းရုံးရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်။

တစ်မျိုးသားလုံး၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် ခေတ်အဆက်ဆက်မှ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျလျက်ရှိသော လားဟူ အမျိုးသားများနေထိုင်ရာဒေသ၏ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက် အောင် ဆောင်ရွက်သွားရန်။

နိုင်ငံတော်နှင့်နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးတိုးတက် ပြီးသော နိုင်ငံများမှ အကျိုးရှိမည့် အတွေ့အကြုံများ ၊ လုပ်နည်းလုပ်ငန်း များကို ရယူကျင့်သုံး အကောင်အထည်ဖော် သွားရန်ဖြစ် ပါကြောင်း တင်ပြ အပ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များမှာ-

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် လားဟူအမျိုးသားများ နေထိုင်ရာ ဒေသအတွင်းရှိ နယ်သူ/သား များအား နိုးကြားတက်ကြွသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စည်းရုံးရေးအမြင်ရှိလာစေရန်နှင့် မိမိတို့ နိုင်ငံရေး ပါတီ ၏ ဂုဏ်သိက္ခာအစဉ်အမြဲ တိုးတက်ရှင်သန် မြင့်မားလာစေရေးအတွက် စည်းရုံးလေ့ကျင့် ပြုစု ပျိုးထောင်သွားမည်။

၂။ တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးနှင့် နယ်မြေဒေသ၏တိုးတက်ရေး၊ လူသားအားလုံး ဆင်းရဲ ဒုက္ခရောက်စေသော အကြမ်းဖက်စနစ်ကို စွန့်လွှတ် ပြီး တရားမျှတ၍ ငြိမ်းချမ်းသော ဒီမိုကရေစီ ကျင့်စဉ်နှင့် အညီ ဥပဒေဘောင် အတွင်း မှန်ကန်စွာဖြင့် အဖြေရှာနိုင်ရေးအတွက် စည်းရုံးသိမ်းသွင်း လုပ်ဆောင်သွားမည်။

၃။ မိမိပါတီအနေဖြင့် ရည်ရွယ်ချက်၊ ခံယူချက်နှင့် အတွေးအခေါ် အမြော် အမြင်တူညီသော မည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းနှင့်မဆို တန်းတူ ရည်တူ ရင်းနှီးစွာဆက်ဆံပြီး အခါအားလျော်စွာ ပေါင်းစည်း ခြင်း၊ မဟာမိတ် ဖွဲ့ခြင်း၊ ရိုင်းပင်းကူညီခြင်းများ ပြုလုပ်သွားမည်။

၄။ မူးယစ်ထုံထိုင်း ဘေးဖြစ်စေ တတ်သော ဆေးဝါး၊ ဘိန်းတို့ကို နယ်သူ/သားများက ဘိုးဘေး ဘီဘင် အစဉ် အလာဖြင့် အဓိက စီးပွားရေး လုပ်ငန်းတစ်ရပ် အဖြစ် လုပ်ကိုင်ခဲ့သည်ကို လက်တွေ့ ပပျောက် သွားရေးနှင့် ဘိန်းအစား ပြည်တွင်းပြည်ပသို့ တင်ပို့နိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် မြေပေါ် မြေအောက် သယံ ဇာတပစ္စည်းများကို ရှာဖွေဖော်ထုတ်၍ အသက်မွေး ဝမ်းကျောင်း တစ်ရပ်အဖြစ် လုပ်ကိုင်စားသောက်ရန် စည်းရုံး သွားမည်။ ထိုကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိသော အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံ မှုများကို ရှာဖွေဖော်ထုတ် ဆောင်ရွက်သွားမည်။

၅။ လွတ်လပ်၍ တက်ကြွသော နိုင်ငံရေးဝါဒကို ကျင့်သုံးပြီး နိုင်ငံတကာ နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ကျင့်သုံးသွားမည်။

၆။ လားဟူတိုင်းရင်းသားလူမျိုးစု၏ စာပေယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာ အနုပညာများကို ဖော်ထုတ်ပြီး တိုးတက်ဆန်းသစ် ရှင်သန်လာအောင် ပြုစုပျိုးထောင်သွားမည်။

၇။ အရပ်ဒေသတစ်ခုနှင့်တစ်ခု အလွယ်တကူ သွားလာနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းအား တိုးချဲ့ပြုပြင် လုပ်ကိုင်ဆောင်ရွက် သွားမည်။ ဆင်းရဲချမ်းသာမရွေး၊ လူတိုင်း အခမဲ့ဆေးဝါးကုသမှု ရရှိ ရေး အတွက် ဆောင်ရွက်သွားမည်။ လူတိုင်း ပညာသင်ကြားနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျွန်တော်တို့ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ် များကို တင်ပြ အပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ၂၀၂၀ နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှ ကျွန်တော်တို့ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီယှဉ်ပြိုင်မယ့် အမှတ်တံဆိပ်ကတော့ လားဟူ တစ်မျိုး သားလုံး စည်းလုံး ညီညွတ်မှုအသွင်ဆောင်တဲ့ ဘူးခါးပလွေဖြစ်ပါကြောင်းနှင့် ဘူးခါး ပလွေဘေးမှာ အမှန် တံဆိပ်ကို နှိပ်၍ မဲပေးခြင်းဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေး၊ တိုင်းရင်းသား တန်းတူရေးနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လားဟူ တစ်မျိုးသားလုံး စည်းရုံးကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။

လက်တွဲကြစို့(အဖွင့်သီချင်းစာသား)

ကနဦးကအစ ငါတို့လားဟူလူမျိုးတွေ ပြည်နယ်လည်းမရှိခဲ့ဘူး တစ်ယောက်တစ်မြေစီ အတွေးအခေါ် တစ်ယောက် တစ်မျိုးစီ တွဲလက်တွေ မညီညွတ်ခဲ့ကြဘူး

ယနေ့ ငါတို့လားဟူ တိုင်းရင်းသားများက လူမျိုးကြီး ဖြစ်လာစေရန် သီချင်းလေးနဲ့အတူပြောပြချင်တယ် လားဟူပါတီအကြောင်းကို

လားဟူတိုင်းရင်းသားများ ရှင်သန်နေထိုင်နိုင်ရန်နေရာဒေသရဖို့ သွေး တွေ ပေးဆပ်စရာမလိုပါဘူး ကိုယ့် လူမျိုးတွေ နေထိုင်ရန် ကိုယ့်လူမျိုးတွေ အခြားလူမျိုးကဲ့သို့ တိုးတက်ဖွံ့ဖြိုးလာစေဖို့

ကိုယ့်လားဟူလူမျိုးရဲ့ ပါတီကို တိုင်းသိပြည်သိလျက်ရှိနေပါပြီ ကိုယ့်မှာ ရှိတဲ့ ငွေရေးကြေးရေးနဲ့ ကိုယ့်မှာ ရှိတဲ့ပညာတွေ ကိုယ့်လူမျိုးအတွက် အသုံးပြုကာ အတူတကွ လက်တွဲကြပါစို့

လားဟူလူမျိုးများရဲ့ စိတ်ဓာတ်(အပိတ်သီချင်းစာသား)

လားဟူလူမျိုးကိုချစ်မြတ်နိုးတတ်တဲ့ ကိုယ့်လားဟူ၊ ရှိတဲ့နေရာအရပ်မှာ အောင်နိုင်သူကြီးဖြစ်ပါစေ လိုအပ်နေ တဲ့ပညာ လိုအပ်နေတဲ့ငွေရေးကြေးရေး လိုအပ်လျက်ရှိတဲ့ အတွေးအခေါ်အကြံဉာဏ်တွေပေးကြပါ ကူညီကြပါ ကိုယ့်လားဟူလူမျိုးကိုတကယ်ချစ်ရင် ဒီသက်သေကိုဖော်ထုတ် ပြသကြပါနော် ရှေးလူကြီးရဲ့ ဆိုရိုး စကား ရှိတယ် လက်မောင်းကျိုးခဲ့ရင် လက်မောင်း အောက်ဖွက်ပါက မတွေ့ရတော့ဘူးတဲ့ သင်ရော လားဟူ လူမျိုးဆိုရင် ကိုယ့် လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ်သင့်မှာရှိရန် အရေးကြီးပါတယ် ထွက်မပြေးပါ နဲ့ မပစ်ပယ်ပါနဲ့ မရှုတ်ချပါနဲ့ လားဟူရဲ့သွေးသား လားဟူရဲ့စိတ်ဓာတ် မိမိအထဲ၌ ဖြစ်တည် စေကြပါစို့