Skip to main content

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

 

နေပြည်တော် စက်တင်ဘာ ၁၄

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးလှသိန်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဒီမိုကရေစီမြတ်နိုးသော မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား...

ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ မင်္ဂလာအပေါင်း နဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ရဲ့ဥက္ကဋ္ဌ ဦးလှသိန်း ဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ ပြည်ထောင်စုကြီးဟာ လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ၊ စုပေါင်းနေထိုင်တဲ့ နိုင်ငံတော် ဖြစ်ပါ တယ်။ ဒီပြည်ထောင်စုကို နိုင်ငံသားအားလုံးက စုပေါင်းပိုင်ဆိုင်ကြသလို၊ လွတ်လပ် ရေးမဆုံးရှုံးစေရေး၊ နိုင်ငံတော် မပြိုကွဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသား တိုင်း မွေးရာပါ လူ့အခွင့်အရေးများ အပြည့်အဝရရှိနိုင်ပြီး ပြည်သူလူထု အာဏာပိုင်စိုးတဲ့ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ဖွဲ့စည်းတည်ထောင်ဖို့ လူသားတိုင်းမှာ ဆန္ဒရှိပါတယ်။

မိဘပြည်သူများခင်ဗျား..

ကမ္ဘာမှာရှိတဲ့ နိုင်ငံအများစုဟာ ဒီမိုကရေစီစနစ်ကို မြတ်နိုးပြီး ဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းကြပေမယ့် တိုးတက်တဲ့နိုင်ငံရှိသလို၊ တိုးတက် သင့်သလောက် မတိုးတက်တဲ့ နိုင်ငံတွေလည်း ရှိကြပါတယ်။ အဲဒီလိုဖြစ် ရတဲ့ အကြောင်းရင်းက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြတဲ့နေရာမှာ ပြည့်စုံမှု အားနည်းတာရယ်၊ ပါဝင် ဆောင်ရွက်ကြတဲ့ ခေါင်းဆောင်များ အရည်အချင်း ညံ့ဖျင်းတာရယ်၊ ပြည်သူလူထုရဲ့ လိုလားတောင့်တမှုကို မျက်ကွယ်ပြုပြီး၊ တိုးတက်ပြီးဖြစ်သော နိုင်ငံတွေရဲ့ နည်းစနစ်ကို ဒေသနဲ့ ကိုက်ညီမှု ဆန်းစစ်မှု မရှိဘဲ အတု ခိုးမှားတာကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ လူတန်းစားအလွှာအသီးသီးတို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေး အပြည့် အဝခံစားခွင့်ရှိတဲ့ စစ်မှန်သော ဒီမိုကရေစီ စနစ်နဲ့သာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက် နိုင်မယ်လို့ ယုံကြည် ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ ရည်ရွယ်ချက်တွေကတော့-

(၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထာဝရ တည်တံ့ခိုင်မြဲအောင် ကာကွယ် စောင့်ရှောက်နိုင်တဲ့ ဒီမိုကရေစီအစိုးရ အဖွဲ့တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ရန်။

(၂) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူမျိုး၊ ဘာသာ၊ ကျား မ အဆင့်အတန်းမရွေး၊ တိုင်းရင်းသား နိုင်ငံသားမရွေးပါဝင်ပြီး အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရန်။

(၃) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုပြီး တိုးတက်တဲ့နိုင်ငံများမှ နှောင်ကြိုးမဲ့အကူအညီများကို လက်ခံ ကျင့်သုံးသွားရန်။

(၄) အလုပ်သမားများရဲ့ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လုပ်အားခနဲ့ အတတ်ပညာ ညီမျှမှု၊ လူမှန်နေရာမှန် ရရှိမှုနဲ့ ကာယဉာဏ စွမ်းအားအလိုက် ခံစားပိုင်ဆိုင်ခွင့်ရှိမှု အခြေခံရပိုင်ခွင့်များ ရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်သွားရန်။

(၅) ကုန်ဈေးနှုန်းများ ကျဆင်းပြီး ပြည်သူလူထုသက်သာချောင်ချိစေရေး အတွက် စီးပွားရေး မူဝါဒနဲ့ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် သွားရန်။

(၆) ခေတ်မီတိုးတက်သော စက်မှုနိုင်ငံကြီးများရဲ့ အကူအညီနဲ့ နိုင်ငံတော်ရဲ့ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ ရှာဖွေဖော်ထုတ်ရန်။

(၇) ပြည်တွင်းဆူပူသောင်းကျန်းမှုများ၊ အကြမ်းဖက်မှုများ ချုပ်ငြိမ်းစေရေး အတွက် ပြည်တွင်းငြိမ်းချမ်းမှုကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ရန်။

(၈) တရားဥပဒေ စိုးမိုးသော နိုင်ငံတော်လုံခြုံရေး ကာကွယ်ရေးစနစ်တို့ကို တည်ဆောက်သွားရန်တို့ ဖြစ်ပါ တယ်။

ကျွန်တော်တို့ပါတီဟာ လူတန်းစားအလွှာအသီးသီးတို့ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့်ရှိတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့သာ နိုင်ငံတော်ကိုတည်ဆောက်ဖို့ အလေးထားဆန္ဒရှိ ပါတယ်။

နိုင်ငံတော်ရဲ့ အဓိကလိုအပ်ချက်များဖြစ်တဲ့-

(၁) ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ်။

(၂) တရားဥပဒေအရာမှာ အခွင့်အရေးတန်းတူရှိရမယ်။

(၃) အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်ခွင့် ရှိရမယ်။

(၄) နိုင်ငံသားအဖြစ်ခံယူမှု နိုင်ငံသားဖြစ်မှုအရာမှာ ဥပဒေနှင့်အညီ တရား မျှတစွာ အခွင့်အရေးရရှိရမယ်။

(၅) အခွင့်အရေး တန်းတူညီမျှ ရရှိရေး၊ မတရား ဖိနှိပ်တဲ့ ဥပဒေတွေ ဖျက်သိမ်း ရေး၊ တန်းတူရည်တူ ပညာသင်ကြားခွင့်ရှိရမယ်။

(၆) လွတ်လပ်စွာ ရွေးကောက်ပိုင်ခွင့်ရှိရမယ်။

(၇) တိုင်းပြည်တိုးတက်ရေးအတွက် အဓိကကျသော လျှပ်စစ်ဓာတ်အားကို မြို့ရော တောပါ အချိန်ပြည့် ရရှိအောင် ဆောင်ရွက်ပြီး အိမ်တွင်းစက်မှု လုပ်ငန်းများကို တည်ဆောက်သွားမယ်။

(၈) တိုင်းရင်းသား၊ နိုင်ငံသား ပြည်သူအားလုံး ကျန်းမာရေးအတွက် နိုင်ငံတော် အထောက်အပံ့ဖြင့် ဆေးဝါး ကုသမှု ခံစားခွင့်အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးမယ်။

(၉) အခမဲ့ပညာရေးစနစ်ကို အခြေခံမှ အထက်တန်းပညာအထိ ခွင့်ပြုပြီး၊ ပညာရေးလုပ်ငန်းအတွက် လိုအပ်တဲ့ စာအုပ်စာတမ်းများ၊ ပရိဘောဂများ၊ အဆောက်အအုံများ၊ သိပ္ပံနဲ့ နည်းပညာပစ္စည်းများ၊ ဓာတ်ခွဲ ခန်း ပစ္စည်းများ၊ ဆရာ/ဆရာမများ စသည်တို့ကို အချိုးညီညီ ပြည့်ပြည့်စုံစုံရရှိရေးအတွက် ဆောင်ရွက်ပေးမယ်။

စီးပွားရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကျွန်တော်တို့ပါတီမှ ထားရှိသော သဘောထားများကို တင်ပြပါ မယ်။ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒအဖြစ် လက်ခံရ ပါမယ်။ ထိုကဲ့သို့ နိုင်ငံသား အသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနဲ့ အပြိုင်အဆိုင် ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက် တဲ့နေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက လည်း နိုင်ငံခြားကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများ၊ အမြောက် အမြား လာရောက်ရင်းနှီးမြှုပ်နှံလိုသော သဘောဆန္ဒရှိအောင် ဆွဲဆောင်မှုရှိသော စီးပွားရေးမူဝါဒချမှတ်ရန် လိုအပ်ပါတယ်။ နိုင်ငံခြားဝင်ငွေရရှိရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်လက်မဲ့ပြဿနာတစ်စိတ်တစ်ပိုင်း ဖြေရှင်း နိုင်ရေးအတွက် နိုင်ငံခြားသို့ အလုပ်သွား ရောက်လုပ် ကိုင်ခွင့်ရရှိရေးကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒေသအလိုက် ရရှိနိုင်သော ကုန်ထုတ်လုပ်မှု စွမ်းအားစုကို အခြေခံ၍ ဒေသအလိုက် စက်မှုလက်မှုလုပ်ငန်းများ တည်ဆောက်ခြင်းဖြင့် ပြည်ထောင်စု ကြီးတစ်ခုလုံး၏ အချိုးညီညီ တိုးတက်ဖွံ့ဖြိုးရေးကို ရရှိမှာဖြစ်ပါတယ်။

ပုဂ္ဂလိက စီးပွားရေးကို အဓိကမောင်းနှင်အားအဖြစ် အသုံးပြုမည်ဟု ကျွန်တော်တို့ပါတီမှ မူဝါဒထား ရှိပါ တယ်။ ကိုယ်ပိုင်စီးပွားရေးကို ထူထောင်ဦးစီး ဆောင်ရွက်ကြမည့် ပုဂ္ဂိုလ်များနဲ့ ယင်းစီးပွားရေး အဆောက် အဦများကို ဝင်ရောက်လုပ်ကိုင်ကြမည့် လူငယ်များဟာ ကုန်ကြမ်း ဝယ်ယူခြင်း၊ ကုန်ချော ထုတ်လုပ်ခြင်း၊ နိုင်ငံခြားသို့ ကုန်ချော ပစ္စည်းများ ဖြန့်ဖြူးခြင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒ ဥပဒေနှင့်အညီ စက်ရုံများ၊ ကုမ္ပဏီများကို နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းကို လုပ်ကိုင်ပြီး စက်ရုံအလုပ်ရုံများကို ပြည်တွင်း တွင်ထူထောင်ကာ စီးပွားရေးတွင် ကျွမ်းကျင်မှုရှိသူ ပညာရှင် များကို ခေါင်းဆောင်စေပြီး လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား နိုင်ငံတော်၏ အချုပ်အခြာအာဏာ စီးပွား ရေးမူဝါဒကို မထိပါးသမျှ ကာလ ပတ်လုံး အမြဲတမ်းလက်ကမ်းကြိုဆိုပြီး နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းရှင် များနှင့် Joint Venture ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် စီးပွားရေး တွင် ကျွမ်းကျင်မှုရှိသူများကိုသာ ခေါင်းဆောင်စေရန် လိုအပ်ပါတယ်။

မိဘပြည်သူများခင်ဗျား..

လူမျိုးစုများအရေးနှင့်ပတ်သက်ပြီးပြောရရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူ တစ်ဦးချင်း စီရဲ့ အခွင့် အရေးတွေကို တန်းတူညီမျှရစေပြီး ဥမကွဲ သိုက်မပျက် ညီညွတ်စွာ ပူးပေါင်းနေထိုင်ရေးနဲ့ ပြည်နယ် ပြည်မ မခွဲခြားစေဘဲ တန်းတူ ပူးပေါင်းရေးမူအရ ပြည်ထောင်စုစစ်စစ် နိုင်ငံတော်ကို ထူထောင်ဖို့ လိုပါတယ်။

မိမိတို့နိုင်ငံအနေဖြင့် မျက်မှောက်ကာလမှာ ဆယ်စုနှစ်များစွာ ခေတ် နောက်ကျ ကျန်နေခဲ့ရသည့် အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေရသလို စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မဏ္ဍိုင်သို့ ရောက်ရှိအောင် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာ မတူကွဲပြား မှုကို အခြေခံပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှု၊ ကိုယ်ချင်းစာမှုများနှင့် ငြိမ်းချမ်း ညီညွတ်စွာ အတူနေထိုင်ခြင်း ဖြစ်ပါတယ်။ စည်းလုံးညီညွတ်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှု အတွက် ပင်မရေသောက်မြစ် ဖြစ်ပါတယ်။

တိုင်းပြည်အေးချမ်းသာယာရေး၊ စုစည်းခိုင်မာရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ လူ့အခွင့် အရေးကြေညာ စာတမ်းပါ အချက်အလက်များကို တိကျစွာ လိုက်နာဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ရဲ့ အဓိက မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာတို့၏ လုပ်ပိုင် ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တိကျစွာ သီးခြားစွာ လုပ်ပိုင် ခွင့် ပေးရပါမယ်။ နိုင်ငံတော်ရဲ့ တရားစီရင်ရေးကဏ္ဍဟာ နိုင်ငံတော် အုပ် ချုပ်ရေး ကဏ္ဍရဲ့ လွှမ်းမိုးခြယ်လှယ်မှုမှ လုံးဝလွတ်ကင်းစေဖို့ အထူးလိုအပ် ပါတယ်။

တိုင်းပြည်စီးပွားရေး တိုးတက် လာဖို့အတွက် တိုင်းပြည်မှာနိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်သလို စီးပွားရေး တိုးတက်မှလည်း နိုင်ငံရေး တည်ငြိမ် ပါလိမ့်မယ်။ စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်နေတဲ့ အနှစ်(၇၀) ကျော်လာပြီဖြစ်တဲ့ ပြည်တွင်းဆူပူ သောင်းကျန်းမှု အကြမ်းဖက်မှုတွေကို ချုပ်ငြိမ်းဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီမိုကရေစီရွေးချယ်မှုနဲ့ တက်လာတဲ့အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးကို မရမနေကြိုးပမ်းရယူပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့အခြေအနေကို ဖန်တီးမယ်လို့ ကျွန်တော်တို့ပါတီမှ ခံယူပါတယ်။

ငြိမ်းချမ်းရေးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်ပါတယ်။ မိမိတို့နိုင်ငံ အနေနဲ့ မရသေးတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်း ရေးဆိုင်ရာ လုပ်ငန်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကြိုးပမ်း ရမှာ ဖြစ်ပါတယ်။ မိမိတို့ နိုင်ငံရဲ့ အနာဂတ်ခရီးစဉ်အတွင်း အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးပမ်းအားထုတ်ပြီး မျိုးဆက်သစ်များရဲ့ လက်ထဲကို ငြိမ်းချမ်းရေးအမွေအနှစ်တစ်ခု လက်ဆင့်ကမ်းနိုင်ရေး အတွက် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

လူလူချင်း အရည်အချင်း၊ အစွမ်းအစ လုံ့လဝီရိယအရ လူတွေရဲ့အဆင့် အတန်းဟာ ကွဲပြားခြားနား ပါလိမ့် မယ်။ ဒါပေမယ့် လူအားလုံးရဲ့ မွေးရာပါ အခွင့်အရေးတွေနဲ့ အခြေခံလူ့အခွင့်အရေးတွေမှာတော့ တူညီမှုတွေ ရှိနေရ ပါမယ်။ ဒီမိုကရေစီကျင့်စဉ်မှာ ဆင်းရဲချမ်းသာ အနိမ့်အမြင့်ဆိုတဲ့ လူတန်းစားတွေရှိပေမယ့် နိုင်ငံတော် အကြီးအကဲတစ်ဦးနဲ့ လယ်သမားတစ်ဦးဟာ အခြေခံ လူ့အခွင့်အရေးမှာ အလျှော့ အတင်းမရှိရဘူး။ လူတစ် ဦးချင်းစီရဲ့ အခွင့်အရေးကို လေးစားမှုပြုရပါလိမ့်မယ်။

မိဘပြည်သူများခင်ဗျား..

နိဂုံးချုပ်အနေဖြင့် တင်ပြလိုတာက ကျွန်တော်တို့ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက် လုပ်ငန်း စဉ်များကတော့ အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်သော ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ်ထွန်းရေးအတွက် တိုင်းရင်း သား၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်စွာ နဲ့ အတူတကွ ကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတသော ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။

“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် ပြီး နိုင်ငံတော်တစ်ဝှမ်းလုံး၌ တည်သည်။” လို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင် ဟာ နိုင်ငံသားများသာ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာတို့ကို မိမိတို့ကိုယ်စား ဆောင် ရွက် နိုင်ရေးအတွက် ပြည်သူထဲမှ ပြည်သူ့ကိုယ်စား လှယ်တွေကို ပြည်သူတို့ရဲ့ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ကြခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မိမိဆန္ဒနဲ့ ကိုက်ညီ တဲ့ ကိုယ်စားလှယ်တစ်ဦးကို မဲပေးခြင်းဟာ ပြည်သူတစ်ဦးရဲ့ ကိုယ်ပိုင်အခွင့် အရေးဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးရဲ့တာဝန်ကို ထမ်းဆောင် ခြင်းဖြစ်ပါတယ်။ မဲတစ်ပြားရဲ့တန်ဖိုးကို ကောင်းစွာ အသုံးချ တတ်ရန် နဲ့ မိမိရဲ့ ဆန္ဒမဲကို ရိုးဖြောင့်စွာ အသုံးချရပါမယ်။

ကျွန်တော်တို့ပါတီရဲ့ သင်္ကေတကတော့ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ အရေးအကြီးဆုံး လိုအပ်ချက်နဲ့ ခေတ်မီ တိုးတက်ဖွံ့ဖြိုးဖို့က ပညာရေးဟာ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် “စာအုပ်နဲ့ကလောင်” ကို ရွေးချယ်ထားပါ တယ်။

မိမိတို့ရဲ့ အသည်းကြားက မဲတစ်ပြားကို မိမိအတွက်၊ တိုင်းပြည်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစတဲ့ ဘဝမျိုး ကို ဆောင်ကြဉ်းပေးနိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ကြပါစေ။ နိုင်ငံရဲ့ အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ပေါက်ထွန်းကားဖို့ “စာအုပ်နှင့်ကလောင်” ကို ရွေးချယ်ကြပါစို့။

ပြည်ထောင်စုသားအပေါင်း ကျန်းမာရွှင်လန်းကြပါစေ။