နေပြည်တော် သြဂုတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်စာမေးပွဲများ နီးကပ်လာပြီဖြစ်၍ စာမေးပွဲဆိုင်ရာလုပ်ငန်းများကို စာမေးပွဲလုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထား၍ တိကျစွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနတစ်ခုချင်းစီနှင့် ဘာသာရပ်များအလိုက် ပညာရေးအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမတစ်ဦးချင်း အရည်အသွေးကောင်းမွန်စေရေး အမြဲမပြတ်ကြိုးစားကြရန်နှင့် ဘာသာရပ်တစ်ခုချင်းစီ၏ ပညာရေးအရည်အသွေးတိုးတက်မှသာ တက္ကသိုလ်တစ်ခုလုံး၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များကို အနာဂတ်သားကောင်းရတနာများဖြစ်လာစေရေး စိတ်ကောင်းရှိရန်၊ ပညာတတ်ရန်၊ ဂါရဝတရားရှိရန်၊ ယဉ်ကျေးမှုကိုထိန်းသိမ်းရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်