Skip to main content

ကိုဗစ်နှင့်အတူ ဖြတ်သန်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ ဆက်လက်လည်ပတ်မှုဖြင့် အလုပ်အကိုင် အခွင့် အလမ်း များရရှိနေ

 

ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိရာ စက်ရုံအများဆုံး တည်ရှိသည့် လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန်ရှိပြီး ကိုဗစ်-၁၉ နှင့်အတူ ယှဉ်တွဲဖြတ်သန်းလျက် စက်မှုဇုန်များ ဆက်လက် လည်ပတ် မှုဖြင့် အလုပ် သမားများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးသတ်မှတ်ချက်နှင့်အညီ လိုက်နာရန် လမ်းညွှန် ထားပြီး အဆိုပါလမ်းညွှန်မှုအတိုင်း စက်ရုံများ လည်ပတ်ရန် သက်ဆိုင်ရာ စက်မှုဇုန်ဥက္ကဋ္ဌများနှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့က ကြိုးပမ်းလျက် ရှိသဖြင့် စက်ရုံများပိတ်ရန် အစီအစဉ်မရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

ပြီးခဲ့တဲ့ သုံးပွင့်ဆိုင်အစည်းအဝေးမှာ စက်ရုံတွေ ဆက်လက်လည်ပတ်ဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မတို့နဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ပူပင်ရသလို အလုပ် သမားတွေ လုပ်ခ လစာ မပေးနိုင်မှာကိုလည်း ပိုပြီးပူရပါတယ်။ အလုပ်ရှင်တွေကလည်း စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ပြီး အလုပ်သမားတွေကလည်း စက်ရုံဆင်းချိန်ကားပေါ်မှာ နှာခေါင်းစည်းတပ်လျက် စကား မပြောကြဘဲ ကျန်းမာရေးစောင့်ရှောက်မှုကို ဂရုပြုဖို့လိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား မှုအောက် မှာ လုပ်ဆောင်နေတာကြောင့် စက်ရုံတွေပိတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးနဲ့ စက်တင်ဘာ ၁၁ ရက်က သုံးပွင့် ဆိုင်တွေ့ဆုံမှုမှာ ပြောထားပါတယ်။ တစ်တိုင်း ပြည်လုံး အခြေအနေကြည့်ပြီး လုပ်ကိုင်ရ တာကြောင့် အလုပ် ရှိတဲ့ စက်ရုံတွေ ဆက်ပြီး လည်ပတ်နေပါတယ်ဟု အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်း ရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

စက်ရုံအများဆုံးတည်ရှိရာ လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန် ရှိပြီး အထည်ချုပ်စက်ရုံ ၄၀၀ ခန့်ရှိသော ရွှေလင်ပန်းစက်မှုဇုန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စက်ရုံ သုံးရုံမှ လူနာနှင့် နီးစပ်သော သံသယ ရှိသူ များကိုသာ အနားပေးခဲ့ကာ စက်ရုံများ ဆက်လက်လည်ပတ်နိုင်မှုကြောင့် အလုပ်သမား များ အလုပ် အကိုင်အဆင်ပြေလျက်ရှိသည်။ အဆိုပါပိုးတွေ့လူနာမှာလည်း စက်ရုံ အလုပ်သမား အချင်းချင်းမှ ကူးစက်ခြင်း မဟုတ်ဘဲ ပြင်ပမှ ရောဂါပိုးရှိသူ များနှင့် ထိတွေ့ခဲ့၍ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ဇုန်က စက်ရုံသုံးရုံမှာ ရောဂါပိုးတွေ့သူ ရှိတယ်။ ပထမလူဦးရေ ၂၀၀ ကျော်ရှိတဲ့ ဂျပန်စက်ရုံက အလုပ် သမားတွေကို လစာအပြည့်နဲ့ ၁၀ ရက် ပိတ်ထားတယ်။ ဒုတိယစက်ရုံက လူ ၁၅၀၀ ရှိတဲ့ အထည်ချုပ် စက်ရုံမှာ အလုပ်သမားက သူ့အမေကို ပြုစုရင်း သူ့အမေထံက ပိုးကူးစက်ခံရတယ်။ ဒါ‌ကြောင့် သူနဲ့ ဆက်စပ် တဲ့လူ ၂၀ ကို အလုပ်ရပ်နားထားတယ်။ တတိယစက်ရုံကိုလည်း လူနာနဲ့ပတ်သက်ပြီး ဆက်စပ်တဲ့သူတွေကို အလုပ် ကနားထားတယ်။ စက်ရုံ ပိတ်ဖို့ မတိုက်တွန်းပါဘူး။ အရင်ထက်ပိုပြီး စက်ရုံတိုင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုကို လုပ်ဆောင်နေပါတယ်။ ဒီကာလလက်တွေ့နယ်ပယ်မှာ လုပ်ကိုင်နေသူတွေနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ချက်ချစေ လိုပါတယ်။ အလုပ်သမား တွေကို လက်ဆင့်ကမ်းညွှန်ကြားရတာ အခက်အခဲရှိလို့ပါ။ ကိုဗစ်နဲ့ အတူ ဖြတ်သန်းပြီး ကျွန်တော်တို့ အလုပ်လုပ်ကြမယ်ဟု ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်း က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် စက်မှုဇုန် ၁ မှ ၅ ၊ ဇုန် ၇ နှင့် ရွှေလင်ပန်း၊ ငွေ ပင်လယ်၊ ရွှေသံလွင်၊ အနော်ရထာ၊ မြစိမ်း ရောင်နှင့် မွေးမြူရေးစက်မှုဇုန်တို့ဖြင့် စက်မှုဇုန် ၁၂ ဇုန်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်သော အလုပ်သမားများကို အလုပ်မှ ယာယီရပ်နားထားလျက် စက်ရုံများဆက်လည်ပတ် လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ ကိုဗစ်-၁၉ နှင့်အတူ ဖြတ်သန်း၍ စက်ရုံများ လုပ်ငန်းခွင်ဆက်လက် လည်ပတ်မှုဖြင့် အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ဆက်လက် ရှင်သန် လျက်ရှိကြောင်း သိရသည်။

 သန်းထိုက်