Skip to main content

ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ)ကို ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်နေ

 

ရန်ကုန် စက်တင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီလှူဒါန်းပေးလျက်ရှိသည့် ဧရာဝတီ ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (သုဝဏ္ဏ) ကို အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု လေ့ကျင့်ရေးကွင်း၌ တည်ဆောက်လျက်ရှိသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများကို အထောက် အကူ ဖြစ်စေ နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ လူနာ ၄၀၀ ကျော် ထားရှိနိုင် မည့် ရောဂါကုသရေးဌာနကို အကုန် အကျခံ တည်ဆောက် ပေးနေခြင်းဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် စက်တင်ဘာ ၁၂ ရက်က စတင် တည်ဆောက်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ပြီးစီးမည်ဖြစ်သည်။ အဆိုပါ ရောဂါ ကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေး ဆိုင်ရာ ကိစ္စများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက စီမံ ဆောင်ရွက်မည်ဖြစ်ပြီး ယာယီအဆောက်အအုံများ တည်ဆောက်ခြင်း၊ လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်း ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်လူနာများ၏ နေ့စဉ်အစားအသောက် ကုန်ကျ စရိတ်များကို ဧရာဝတီဖောင်ဒေးရှင်းက ကျခံပေးမည် ဖြစ်သည်။

ဧရာဝတီ ဖောင်ဒေးရှင်းကို တည်ထောင်ထားသည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် မတ်လကတည်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ လိုအပ်သည်များ ပံ့ပိုးလှူဒါန်းပေး လျက်ရှိပြီး စောင့်ကြည့်လူနာများထားရှိရန် Quarantine Center များ စီစဉ်ပေးခြင်း၊ စောင့်ကြည့်လူနာများအတွက် နေ့စဉ်အစားအသောက်များ လှူဒါန်း ပေးခြင်း၊ လိုအပ်သည့် နေရာများသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာ ရေးအာမခံနှင့် အခြားလိုအပ်မှုများကို လှူဒါန်းခြင်းများ ပြုလုပ် ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ဆက်လက် ကူညီ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲရင့်ရှိုင်း