Skip to main content

အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်

နေပြည်တော် သြဂုတ် ၁၄

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၌ သြဂုတ် ၇ ရက်က စတင်ကျင်းပခဲ့သည့် မိုးရာသီအားကစားပြိုင်ပွဲ၏ ဖူဆယ်ဘောလုံး(ကျား) ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲတွင်လျှပ်စစ်စွမ်းအားအင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့ ယှဉ်ပြိုင်ကြရာ စက်မှုအင်ဂျင်နီယာအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲအပြီး၌ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူများက အဖွဲ့လိုက် Fitness Dance ဖြင့် ပျော်ရွှင်စွာ ကပြဖျော်ဖြေကြပြီး တိုက်ကွမ်ဒိုသရုပ်ပြဖျော်ဖြေကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ကျောင်းအုပ်ကြီးက ဒိုင်များ၊ Fitness Dance အဖွဲ့နှင့် တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့တို့ထံ ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ တာဝန်ရှိသူများက ကြက်‌တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲများမှ ဆုရအသင်းများကို ဆုများချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဖူဆယ်ဘောလုံး(ကျား)ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများ၊ တတိယဆုရ စက်မှုလယ်ယာနည်းပညာအသင်း၊ ဒုတိယဆုရ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာအသင်းနှင့် ပထမဆုရ စက်မှုအင်ဂျင်နီယာအသင်းတို့မှ ကျောင်းသားများထံ ဆုများချီးမြှင့်ပေးအပ်ကာ အသင်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

သတင်းစဉ်