Skip to main content

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများစိစစ်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ

နေပြည်တော် ဩဂုတ် ၁၄

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကွပ်ကဲမှုအောက်ရှိ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်လျာထားစီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာလုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီများမှ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ညှိနှိုင်းပေါင်းစပ်

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျာထားစီမံကိန်းလုပ်ငန်းများ စနစ်တကျစိစစ်ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လေးလတစ်ကြိမ်တင်ပြနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် မိမိတို့လျာထားမည့် စီမံကိန်းလုပ်ငန်းများသည် ဒေသအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်စေရန်အတွက် ဒေသဆိုင်ရာကော်မတီများဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်ချိတ်ဆက်၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

သက်ဆိုင်ရာ ဝန်ကြီးဌာနများက စီမံကိန်းများလျာထားဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင့်ပြုမှုပေါ်အခြေခံပြီး လျာထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ လျာထားစီမံကိန်းလုပ်ငန်းများကို ဖြစ်နိုင်ခြေ ရှိ/ မရှိသုံးသပ်၍ လျာထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခင်လုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ဆုံးဖြတ်ချက်များကို အထူးအလေးအနက်ထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ဗဟိုကော်မတီသို့ အချိန်မီပြုစုတင်ပြနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ၂၀၂၅-၂၀၂၆ လျာထားစီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီ၍ အချိန်မီပြီးစီးရေး၊ ဘဏ္ဍာငွေအလေအလွင့်နည်းပါးစေရေးတို့အတွက် ကော်မတီအလိုက် ပါဝင်ပတ်သက်ဆက်နွှယ်သူများအချင်းချင်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးများနှင့် ဒေသဆိုင်ရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများက လက်ရှိဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်