Skip to main content

ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (Pre–Listing Board–PLB)တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင် ကုမ္ပဏီဝင်ရောက်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၁၄

အများပိုင်ကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူစုစည်းနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် မူလရှိပြီး စာရင်းဝင်ဈေးကွက်အပြင် နိုင်ငံတကာစတော့အိတ်ချိန်းများကဲ့သို့ ဒုတိယဈေးကွက်အဖြစ် စာရင်းဝင်အကြိုဈေးကွက် (Pre - listing Board-PLB) ကို တည်ထောင်ထားရှိသည်။

ယခုအခါ ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက်(Pre–Listing Board – PLB) တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (Myanma Agricultural and General Development Public Co., Ltd – MAGDPL)သည် သတ်မှတ်အရည်အချင်းများ ပြည့်မီမှုကြောင့် ဝင်ရောက်လာပြီဖြစ်သည်။

အဆိုပါကုမ္ပဏီရန်ကုန်စတော့ အိတ်ချိန်း၏ ဒုတိယဈေးကွက် (PLB) တွင် မှတ်ပုံတင်စာရင်းဝင်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်၊ ၂၄-၂၆၊ ဆူးလေဘုရားလမ်းရှိ ရန်ကုန်စတော့အိတ်ချိန်းခန်းမ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမင်းထွဋ်က ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုသော်လည်း Main Board အတွက် သတ်မှတ်ထားသည့် စာရင်းဝင်စံသတ်မှတ်ချက်များ မပြည့်မီသေးသဖြင့် ဝင်ခွင့်မရသေးသော အများပိုင်ကုမ္ပဏီများအတွက် ရန်ကုန်စတော့ အိတ်ချိန်း၏ ဒုတိယဈေးကွက် Second Board အဖြစ် တည်ထောင်ထားသော အကြိုစာရင်းဝင်ဈေးကွက် (Pre- listing Board-PLB)တွင် ဝင်ရောက်နိုင်ကြောင်း၊ PLB တွင် အတွေ့အကြုံများရယူပြီးမှ မူလဈေးကွက် (Main Board)ကို ဝင်ရောက်စာရင်းဝင်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများ ပိုမိုတိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုလာမည်ဖြစ်ကြောင်း၊ ယနေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက်ဖြစ်သော အကြိုစာရင်းဝင်ဈေးကွက် (Pre- Listing Board – PLB)တွင် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (Myanma Agricultural and General Development Public Co., Ltd – MAGDPL)အား ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီအဖြစ် စတင်လက်ခံသည့် အထိမ်းအမှတ်အခမ်းအနားနှင့်အတူ အစုရှယ်ယာများကို ပထမဆုံး စတင်အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်စတော့အိတ်ချိန်းဒါရိုက်တာ ဒေါ်ဖြူဖြူဌေးက PLB တွင် မှတ်ပုံတင်စာရင်းဝင်ခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ပြောကြားကာ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ရန်ကုန်စတော့အိတ်ချိန်းက မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်သို့ မှတ်ပုံတင်စာရင်းဝင် အသိအမှတ်ပြုလက်မှတ်ကိုပေးအပ်ပြီး မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌက ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် ရန်ကုန်စတော့အိတ်ချိန်း ဒါရိုက်တာ ဒေါ်ဖြူဖြူဌေးတို့အား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးကြည်ဇင်ထွန်း၊ ရန်ကုန်စတော့အိတ်ချိန်းဒါရိုက်တာ ဒေါ်ဖြူဖြူဌေး၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမောင်မောင်အေးတို့က ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံတင်စာရင်းဝင်ခြင်း အထိမ်းအမှတ် အောင်ဇေယျတု ခေါင်းလောင်းကို တီးခတ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်