Skip to main content

အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ သံသယလူနာများကို နှာခေါင်း၊ အာခေါင်တို့ဖတ်ယူခြင်းသင်တန်းပေး



ရန်ကုန် စက်တင်ဘာ ၁၄

အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ ဆေးပညာ ဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်မာမာကြည် ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ သံသယလူနာများကို နှာခေါင်း၊ အာခေါင်တို့ဖတ်ယူခြင်း သင်တန်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဖျားနာကုအခမဲ့ဆေးခန်းများ (Fever Clinics)မှ တာဝန်ခံဆရာဝန်များနှင့် စေတနာ့ ဝန်ထမ်း ဆရာဝန်များအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

“သင်တန်းက လောလောဆယ် နှစ်ရက် သတ်မှတ်ထားတယ်။ တနင်္လာနဲ့ သောကြာ နှာခေါင်း၊ အာခေါင် တို့ဖတ် ယူမယ်ပေါ့။ ဒီတစ်ပတ်မှာတော့ လူနာများတဲ့အတွက် ဗုဒ္ဒဟူးနေ့ တစ်ရက်တိုးပြီးယူမယ်။ ဖျားနာကု အခမဲ့ ဆေးခန်းတာဝန်ခံ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း ဆရာဝန်တွေအနေနဲ့ သင်တန်းယူမယ်ဆိုရင် အင်းစိန် ဖျားနာကု ဆေးခန်း နှာခေါင်း၊ အာခေါင်တို့ဖတ်ယူတဲ့နေ့ မှာ ပူးပေါင်းပြီးတော့ သင်တန်း ယူလို့ ရတယ်” ဟု Community Fever Clinic- Yangon Network တာဝန်ခံ ဒေါက်တာကျော်မင်းထွန်း က ပြောသည်။

ဆေးရုံများ၏ အလုပ်ဝန်များ လျှော့ချနိုင် ရန်အတွက် ဆေးရုံတင်ရန် မလိုအပ်သည့် သံသယလူနာများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် ယူခြင်းများကို ပါမောက္ခ ဒေါ်မာမာကြည် ဦးဆောင်မှုဖြင့် အင်းစိန် ဖျားနာ ကုဆေးခန်း၌ ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်နေပြီး တိုင်းကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုချက် ရရှိပါက ကျန်မြို့နယ်များရှိ ဖျားနာကုဆေးခန်း တွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာ မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖျားနာကုဆေးခန်းများသို့ လာရောက်ပြသသူ များပြားလာပြီး တစ်နေ့လျှင် ၃၀ နှင့် ၅၀ ကြားရှိကြောင်း၊ ထိုသို့လာရောက်ပြသသည့် လူဦးရေ သုံးပုံနှစ်ပုံခန့်သည် ကိုဗစ်သံသယ လူနာများဖြစ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်း၊ မောခြင်း၊ ဝမ်းလျှောခြင်း စသည့် လက္ခဏာများကို ခံစားရသူများဖြစ်ကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြော သည်။

"ဒီရက်ပိုင်းမှာ ဆေးခန်းလာပြတဲ့သူ များတဲ့အတွက် ကျွန်တော်တို့က အဆင့်ခွဲလိုက် တယ်။ အသက်ကြီးပိုင်း၊ ရောဂါခံတစ်ခုခုရှိတဲ့ သူဆိုရင် ဦးစားပေးအနေနဲ့ ဆေးရုံကို ပို့ပေး တယ်။ အသက်ငယ်တဲ့သူ ရောဂါလက္ခဏာ တစ်ခုလောက်ပဲ ပြတဲ့သူဆိုရင် ‌ ဆေးရုံနေရာ လွတ်ရင် စီစဉ်ပေးမယ်။ လောလောဆယ်တော့ အိမ်ပြန်နား။ တကယ်လို့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားခံစားရရင် ချက်ချင်းဆက်သွယ် ဆေးရုံပို့ပေးတယ်။ ဘာမှမဖြစ်ရင် အိမ်မှာပဲစောင့်ကြည့်သဘောမျိုးထားတယ်"ဟု လက်ရှိ ဆောင်ရွက်နေမှု အခြေအနေကို ၎င်းက ပြောသည်။
လက်ရှိတွင် ဖျားနာကု‌ဆေးခန်းများသို့ လာရောက်ပြသသူ များပြားလာမှုကြောင့် ဆေးခန်းဖွင့်ရက် တိုးမြှင့် မှုများ ဆောင်ရွက် ခဲ့ပြီး ၎င်းဆေးခန်းများ၌ ရေရှည်လုပ်ကိုင်နိုင်ရန် စေတနာ့ဝန်ထမ်း လုပ်အားပေးများလည်း လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် အချို့ဆေးခန်း များ၌ ဆေးပစ္စည်း၊ ကာကွယ်‌ရေးပစ္စည်းများ လိုအပ်စ ပြုလာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဖျားနာကုအခမဲ့ဆေးခန်းများကို ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တာမွေ၊ မင်္ဂလာ တောင်ညွန့်၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ အင်းစိန်၊ အရှေ့ဒဂုံ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊ ကြည့်မြင်တိုင်၊ မှော်ဘီ၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)၊ ရန်ကင်း၊ လှိုင်၊ သာကေတ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ တွံတေး၊ ခရမ်း၊ သန်လျင် စသည့် မြို့နယ်များ၌ ဖွင့်လှစ်ထားပြီး လက်ရှိတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ခရမ်း မြို့နယ်များကို ယာယီပိတ်ထားကြောင်း သိရ သည်။

သတင်း-အေးမင်းသူ
ဓာတ်ပုံ-CFC-YN