Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျေးရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကုန်းတန်းကြီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဖျောက်ဆိပ်ပင်ကန် အမှတ် (၁)၊ (၂)၊ (၃) ပြုပြင်တူးဖော်နေမှု၊ အရှေ့ဖွားစောကျေးရွာအဝင်မှ ဇယဝေရီကန်သို့သွားသောလမ်း ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အနောက်ဖွားစောကျေးရွာ အဝင်လမ်းဂျင်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆောလျင်စွာပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဇယဝေရီကန်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ညောင်ဦးမြို့နယ် သူဌေးကန်ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော စက်ချုပ်သင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများ၊ ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံ ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့ရှိ သမဝါယမအသင်းစုပိုင် အနော်ရထာဆီစက်သို့ရောက်ရှိပြီး ညောင်ဦးခရိုင်အတွင်းရှိ ဆီထွက်သီးနှံစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံစိုက်ပျိုးသူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေများ၊ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်းကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ အနော်ရထာဆီစက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ် မြင်းကပါခေတ်မီစံပြကျေးရွာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြင်းကပါကျေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ရန်ပုံငွေကျပ်သိန်း ၆၀၀၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးစီမံကိန်း (RBF) ရန်ပုံငွေ ကျပ်သိန်း ၃၀၀ နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၅၀ ကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာတွင်းလမ်း ဂျင်းကျောက်ခင်းခြင်းပြီးစီးမှုနှင့် အုတ်စီရေမြောင်း ပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာအဝင်လမ်းပေါ်ရှိ ရေကျော် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူ အားလုံးလမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်