နေပြည်တော် ဩဂုတ် ၁၃
“လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာစိုးဝင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းလူငယ်များ၊ နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ်ကိုယ်စားလှယ်များ၊ ရေကြောင်းနှင့် လေကြောင်း လူငယ်များ၊ ကြက်ခြေနီနှင့် ကင်းထောက်လူငယ်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများ၊ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များနှင့် နယ်ပယ်ပေါင်းစုံများမှ လူငယ်များတက်ရောက်ကြသည်။
နိုင်ငံတော်အလံအလေးပြု
ဦးစွာ ပြည်ထောင်စုဝန်ကြီးများက အခမ်းအနားသို့တက်ရောက် လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်မှာ “လူငယ်စွမ်းအား ပြည့်အင်အားဖြင့် ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီလူငယ်များ မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကအင်အားစုများအဖြစ် ပါဝင်လာနိုင်စေရန်၊ မိမိနိုင်ငံနှင့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး နိုင်ငံသားကောင်းတစ်ယောက်၏ အခွင့်အရေးနှင့် တာဝန်များကို ပိုမိုနားလည်လာစေရန်၊ မတူညီသည့်ဒေသအသီးသီးက လူငယ်များ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အတွက် လူငယ်ထုအကြား ရင်းနှီးချစ်ခင်မှုနှင့် နားလည်ယုံကြည်မှု တည်ဆောက်ပေးနိုင်စေရန်၊ လူငယ်များ၏တန်ဖိုးရှိသည့်စွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပူးပေါင်းပါဝင်လာခြင်းအားဖြင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ပေးနိုင်ရန် ဖြစ်ကြောင်း။
ဝိုင်းဝန်းဆွေးနွေး
လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို Agenda 2030 အလွန် ၂၀၄၀ ပြည့်နှစ်အထိမျှော်တွေးကာ ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်သည့်အတွက် Panel session သုံးခုအပေါ် အခြေပြုညှိနှိုင်းအဖြေရှာ၍ ရေရှည်ရေတိုလုပ်ငန်းအစီအမံများ ချမှတ်နိုင်အောင် သက်ဆိုင်ရာကဏ္ဍများအလိုက် တက်တက်ကြွကြွ စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးကြကာ သက်ရွယ်စုံညီပါဝင်သည့် လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်ပြီး သဟဇာတဖြစ်သည့် အနာဂတ် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပုံဖော်နိုင်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ် များနေ့ အထိမ်းအမှတ်အခမ်းအနား၊ လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေးခရီးစဉ်နှင့် လူမှုအကျိုးပြု လုပ်ငန်းများအတွက် အလှူငွေလှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဖျော်ဖြေတင်ဆက်
ဆက်လက်၍ လူငယ်ဂုဏ်ပြုတေးသီချင်းဖြစ်သည့် “ရောင်စုံ ဥယျာဉ်” တေးသီချင်းဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့က “မမေ့နိုင်တဲ့မြေ” တေးသီချင်းနှင့် တွဲဖက်၍ ရိုးရာအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် လူငယ်ဖိုရမ်ကို ဆက်လက်ကျင်းပသည်။
ကဏ္ဍအလိုက် ဆွေးနွေးမှုများအပြီးတွင် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ဖိုရမ်သို့ တက်ရောက်လာကြသည့် လူငယ်ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းလူငယ်များကိုယ်စား လူငယ်ကိုယ်စားလှယ်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ လူငယ်ဖိုရမ်ကို ရုပ်သိမ်းလိုက်သည်။
လူငယ်ဖိုရမ်သို့ တက်ရောက်လာကြသည့်လူငယ်များ အသိပညာဗဟုသုတများ တိုးပွားကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်း များနှင့် လူငယ်ဆိုင်ရာ သတင်းအချက်အလက်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ကုန်များနှင့် အထိမ်းအမှတ်ပစ္စည်းများ ခင်းကျင်းပြသခြင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများပြသခြင်း၊ စစ်တမ်းကောက်များကောက်ယူခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ ဆုလက်ဆောင်များပေးအပ်ခြင်းနှင့် စုပေါင်းဂိမ်းကစားခြင်း စသည့်အစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
ဆက်လက်တင်ပြသွားမည်
လူငယ်ဖိုရမ်မှ သက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေး၍ ထွက်ပေါ်လာသည့် ရလဒ်များ၊ အကြံပြုချက်များကိုစုစည်းကာ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ရေးမူဝါဒဆိုင်ရာ အကြံပြုချက်များအဖြစ် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်