Skip to main content

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ဩဂုတ် ၁၃

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် တင်ဒါအမှတ် (၁) ဖြစ်သည့် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၁၁၅) တွဲအထိနှင့် တင်ဒါအမှတ် (၂) ဖြစ်သည့် ပုလဲအတွဲအမှတ် (၁၁၆) တွဲမှ ပုလဲအတွဲ အမှတ် (၂၃၀) အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူတို့သည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲများရောင်းချနေမှုကို လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တင်ဒါအမှတ် (၁) နှင့် တင်ဒါအမှတ် (၂) တို့မှ ပုလဲအတွဲပေါင်း (၂၃၀) တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၇၇ တွဲ ရောင်းချရကြောင်း ကြေညာသည်။

ပုလဲရောင်းချပွဲ တတိယနေ့တွင် တင်ဒါအမှတ် (၃) ဖြစ်သည့် ပုလဲအတွဲအမှတ် (၂၃၁) မှ အတွဲအမှတ် (၃၄၅) အထိ ပုလဲအတွဲပေါင်း (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၄) ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ အတွဲအမှတ် (၄၆၀) အထိ ပုလဲအတွဲပေါင်း ၁၁၅ တွဲတို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲကို မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီးပြပွဲတွင် ပုလဲအတွဲပေါင်း ၇၀၀၊ ပုလဲအလုံးပေါင်း ၁၇၅၀၀၀ ကို ပြည်တွင်းပြည်ပရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်