နေပြည်တော် ဩဂုတ် ၁၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၏ စုဝေးခန်းမတွင်ကျင်းပသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်ခဲ့
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရန်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်စသည့် ဦးတည်ချက်များဖြင့် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
လမ်းညွှန်ထားရှိ
နိုင်ငံတော်အကြီးအကဲက အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို ဖြစ်ပေါ်စေနိုင်သည့်အတွက် အားကစားနှင့် ပတ်သက်၍ အားပေးဆောင်ရွက်ရမည်ဟု လမ်းညွှန်ထားရှိသဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လစဉ်အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပြီး ထူးချွန်သည့် အားကစားသမားများကို ဝန်ကြီးဌာနအဆင့်၊ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးစီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများကို အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့်ဌာနများက လိုအပ်ချက်များမရှိအောင် စီမံဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်သည့်အပြင် အားကစားနည်းများအလိုက်နည်းပြများဖြင့် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်မည့် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်သည့် ညွှန်ကြားရေးမှူးချုပ်များက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ဂေါက်သီးရိုက်နှင့် ပြေးခုန်ပစ်အားကစားနည်းများကို ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်