Skip to main content

ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ လူနာဆောင်များတိုးချဲ့ပြင်ဆင် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည်

 

ရန်ကုန် စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (ဖောင်ကြီး) ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန် အတွက် အဆောက်အအုံများကို ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ အား ထားရှိကုသနိုင်မည် ဖြစ်ကြောင်း ပြုပြင်မွမ်းမံ တိုးချဲ့ဆောက်လုပ် လှူဒါန်းသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသည့် လူနာများ နေ့စဉ်နှင့်အမျှ များပြားလာသောကြောင့်ထပ်တိုးလူနာများထားရှိရန်အတွက် စက်တင်ဘာ ၁ ရက်မှစတင်၍ တိုးချဲ့ဆောင်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်တွင် လူနာ ၁၁၆ ဦးထားရှိနိုင်မည့် မန္တလာဆောင်နှင့် စက်တင်ဘာ ၁၁ ရက်တွင် လူနာ ၁၀၀ ထားရှိနိုင်မည့် မြင်းမိုရ်ဆောင်တို့၌ လူနာများထားရှိထားပြီဖြစ်ကြောင်း၊ ရာမညဆောင် တွင်လည်း ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ယမန်နေ့ညနေပိုင်းက လူနာများထားရှိထားပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(ဖောင်ကြီး)၌ လူနာ ၁၆၀ စီ ထားရှိနိုင်မည့် ပိတောက်ဆောင်နှင့် ကံ့ကော်ဆောင်တို့ကိုပါ ဆက်လက် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာစုစုပေါင်း ၃၂၀ ထားရှိမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက လူနာပေါင်း ၁၂၂၀ ကို ထားရှိကုသနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန(ဖောင်ကြီး)၌ ပိုးတွေ့လူနာများနှင့် အတည်ပြုလူနာများအား ထားရှိထားသော်လည်း နောက် ပိုင်းတွင် အရေးပေါ်လူနာများသာထားရှိကုသသွားမည်ဖြစ်ကြောင်း၊ ထပ်တိုးလူနာများပြား လာပါက အဆောင်များ ထပ်မံတိုးချဲ့၍ ရနိုင်သော်လည်း ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက် ကျွမ်းကျင် ဝန်ထမ်းများ အပါအဝင် လုပ်အားပေးအင်အား အခက်အခဲရှိ နိုင်သောကြောင့် ပိုးတွေ့လူနာများကို ကန့်သတ် စောင့်ကြည့် စင်တာများတွင်သာထားရှိရန် ကိုဗစ်-၁၉ ရောဂါ ကော်မတီက စီစဉ်ထားကြောင်း တိုးချဲ့ဆောင်များကို တာဝန်ယူပြင်ဆင်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)ရှိ အဆောက် အအုံများကို ပြုပြင်မွမ်းမံတိုးချဲ့ ဆောက်လုပ်၍ ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန(ဖောင်ကြီး) အဖြစ် ဆောင်ရွက်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က တာဝန်ပေးအပ်သောကြောင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က လွန်ခဲ့သည့် ဧပြီ ၂ ရက်မှစတင်၍ တာဝန်ယူ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၁၀၀၀၀ အကုန်အကျခံကာ ပြုပြင်မွမ်းမံ တိုးချဲ့ ဆောက်လုပ် လှူဒါန်းခဲ့ရာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် ရောဂါပိုး ကူးစက်ခံရသော အတည်ပြုလူနာများ ကိုထားရှိမည့် အထူးကြပ်မတ်ကုသဆောင်(ICU) လေးဆောင်၊ လူနာကုသဆောင်ငါးဆောင်၊ CT Scan ထားရှိမည့်အဆောင် တစ်ဆောင်၊ အုပ်ချုပ်မှုအဆောင်တစ်ဆောင်၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနေထိုင်မည့် အဆောင် သုံးဆောင်ပါဝင်သည့် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်