Skip to main content

အကျပ်အတည်းကာလနှင့် မြို့ပြများ

 

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု တစ်ကျော့ပြန်ဝင်လာသည့် အရှိန်အဟုန်သည် ယခင် ကြုံဖူးသည်နှင့်မတူ။ ချက်ချင်းဆိုသလို ရက်ပိုင်းအတွင်းမှာပင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာဦးရေက သုံးထောင် ကျော်သွားခဲ့သည်။ တိမ်းပါးသွားရသူ အရေအတွက်လည်း မြင့်မားလာသည်ကို တွေ့ရ၏။ နေ့စဉ်နေ့စဉ် ပိုးတွေ့လူနာ အရေအတွက်က ရာဂဏန်း တိုးလာနေခြင်းဖြစ်၏။ နိုင်ငံတကာဖြစ်စဉ်များနှင့် နှိုင်းယှဉ် လျှင် ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်နေသေးသည့်အတွက် အများပြည်သူတို့အနေဖြင့် အလွန်အကျွံ ပူပန်စိုးရိမ်မှုဖြင့် တုံ့ပြန်ကြရန် မလိုအပ်သော်လည်း သတိပြု ဂရုစိုက်မှုတော့ များစွာ တိုးမြင့် လုပ်ဆောင် ကြရန် လိုပါလိမ့်မည်။

ရောဂါပိုး၏ သဘာဝအရ လူထူထပ်ကာ လုံခြုံပိတ်ကျပ်နေသည့် အခြေအနေမျိုးသည် အန္တရာယ်ပိုများ၏။ လေအေးပေးစက်ဖြင့် အလုံပိတ်အခန်းများတွင် စုဝေးနေခြင်းမျိုးက ရောဂါပိုးကူးစက်ဖို့ အလွန် လွယ်ကူသည့် အခွင့်အလမ်းကောင်း ဖြစ်နေ၏။ ပွင့်လင် လွတ်လပ်သော လေဝင်လေထွက် မှန်ကန်ကောင်းမွန်သော မြေခင်းအစီအမံများကသာ ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုကို လျော့နည်းသက်သာစေမည် ဖြစ်၏။ ကမ္ဘာအရပ်ရပ်ရှိ လူဦးရေ ထူထပ်သိပ်သည်းသော ဒေသများနှင့် လူစုလူဝေး စုစည်းမှုများတွင် ကူးစက်မှု များပြားနေခြင်းက သတိပြုစရာဖြစ်ပါသည်။ ။

ထို့ကြောင့်ပင် ကျန်းမာရေးပညာရှင်များ၏ အကြံပြုချက်များတွင် လူစုလူဝေး ရှောင်ကြဉ်ရန်၊ လူချင်း ခွာခွာနေကြရန်၊ အနည်းဆုံး ခြောက်ပေခန့်အကွာမှသာ တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံကြရန်၊ ထိုပြောဆိုဆက်ဆံမှုကိုလည်း အချိန်မကြာစေရန်စသည်ဖြင့် ညွှန်ကြားသည်ကို တွေ့ရ၏။

ကပ်ရောဂါ၏အန္တရာယ် ခြိမ်းခြောက် ဝင်ရောက်လာသည်နှင့်အမျှ ရန်ကုန်မြို့နှင့် အခြားအခြားသော မြို့ကြီးများ၏ မြို့ဖွဲ့စည်းတည်ဆောက်ပုံ၊ မြို့ပန္နက်ဖွဲ့၊ မြို့နယ်များ၊ ရပ်ကွက်များ၏ မြေခင်းအစီအမံ၊ အများ ပြည်သူသုံး မြေကွက်လွတ်နှင့် ပန်းခြံနေရာများ ခွဲဝေပေးမှု၊ အဆောက်အအုံ တစ်ခုချင်းစီ၏ ဖွဲ့စည်းမှုပုံစံ စသည်တို့ ၏ အရေးပါမှုကိုလည်း သတိပြုမိပါသည်။

မြို့ပြများတွင် ရှိသင့်ရှိထိုက်သည့် လွယ်ကူမြန်ဆန်သွားလာ နိုင်ရေး၊ ကားလမ်းများ ကျပ်တည်းနေမှု လျော့ပါးရေးစသည်တို့က လိုအပ်ချက်ဖြစ်၏။ အများပြည်သူတို့၏ အလုပ်လုပ်နိုင်စွမ်းအား တိုးတက်ရေး၊ ပျော်ရွှင်ကျေနပ်မှု စသည်တို့ကို ထောက်ကူပေးနိုင်သည့် မြို့ပြအထောက်အပံ့များသည် လိုအပ်ချက်ဖြစ်၏။ လူအများ အမှန်တကယ် လမ်းလျှောက်နိုင်သည့် လူသွားစင်္ကြံများ၊ စိမ်းလန်း အေးချမ်းသည့် ပန်းခြံများနှင့် အများပြည်သူအသုံးပြုနိုင်သည့် ရင်ပြင်ကျယ်နှင့် မြေကွက်လပ်များ၊ အဆောက်အအုံများအကြားရှိ ကျယ်ပြန့်သော နေရာကွက်လပ်များ၊ လျှပ်စစ်နှင့် စွမ်းအင်ရရှိရေး၊

သောက်သုံးရေ လွယ်ကူရရှိရေး၊ အမှိုက်စွန့်ပစ်ရေးနှင့် သန့်ရှင်းရေးစနစ်၊ စနစ်ကျသော ရေနှင့် မိလ္လာစနစ်၊ လေထုညစ်ညမ်းမှု လျှော့ချရေး၊ ဆူညံသံ အသံညစ်ညမ်းမှုတို့ လျော့ပါးစေရေး၊ အမြင်အာရုံ ညစ်ညမ်းမှုများ ထိန်းသိမ်းကန့်သတ်ပေးနိုင်ရေး အစရှိသည်တို့က လိုအပ်ချက်များဖြစ်၏။

ထိုထိုသော မြို့ပြဆိုင်ရာ လိုအပ်ချက်များကို အစီအစဉ်တကျ နေရာချထားမှုနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်များ လုံခြုံလွယ်ကူ တွင်ကျယ်မှု မည်မျှအရေးကြီးသည်ကို အကျပ်အတည်းများနှင့် ရင်ဆိုင်ရသည့်အခါ ပိုမိုရှင်းလင်းစွာ တွေ့မြင်ရမည် ဖြစ်ပါသည်။ ။

မြို့တို့၏ ဖွဲ့စည်းဖြစ်တည်နေမှုသည် မြို့နေလူတို့၏ ရုပ်ပိုင်းဆိုင်ရာ လွယ်ကူချောမွေ့မှု၊ သက်သောင့်သက်သာ ရှိမှုနှင့် ကျန်းမာရေးအတွက်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုတို့ အတွက် လည်းကောင်း အခြေခံကျသော လိုအပ်ချက်များဖြစ်ပါသည်။ ယခုကဲ့သို့ အရေးပေါ် ကိစ္စရပ်များနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မြို့ပြစီမံကိန်းများ၏ စနစ်တကျရှိမှုနှင့် ရေရှည်အမြော်အမြင်ကြီးသည့် ဖွဲ့စည်း မှုဖြစ်ရေးတို့၏ အရေးကြီးပုံကို သတိချပ်စရာ ဖြစ်ပါသည်။

အကျပ်အတည်း အခက်အခဲကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ ညီညီညွတ်ညွတ်ဖြင့် အတူတကွ ရင်ဆိုင်ရမည်များ ရှိသကဲ့သို့ သင်ခန်းစာယူစရာများကိုလည်း အလေးအနက်ထားခြင်းဖြင့် လက်ငင်းကာလ ကပ်ရော ဂါဘေး ကျော်လွှားနိုင်ရေးသာမက ကိုဗစ် အလွန်ကာလအတွက်ကိုပါ သတိထားဆင်ခြင်နိုင်ကြမည်ဟု ယုံကြည် ပါကြောင်း။