ရန်ကုန်သည် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံး ဖြစ်ပေါ်နေသည့် ဒေသဖြစ်၍ မကြာသေးမီရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပေါင်းစည်းညှိနှိုင်းရေးကော်မတီကိုဖွဲ့စည်းကာ နေ့စဉ်တိုးပွားနေသော ပိုးတွေ့ လူနာများအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြသည်။
ရန်ကုန်ရှိ ကိုဗစ်အနေအထားသည် တစ်ဆင့်ပြီးတစ်ဆင့် တက်တက်လာပြီး တိုးပွားနေသော အနေအထား ဖြစ်သည်။ အစောပိုင်းက နေ့စဉ်ဆယ်ဂဏန်းမျှ တက်နေရာမှ ယခုနောက်ပိုင်းတွင် နေ့စဉ်ရာဂဏန်း သာမက ၂၄ နာရီအတွင်း ပိုးတွေ့လူနာ တစ်ရာ၊ နှစ်ရာ၊ သုံးရာ ဖြစ်လာသည်။ ထို့ကြောင့် ပိုးတွေ့လူနာများအား ကုသမှုပေးရေးနှင့် ရောဂါပိုးတွေ့ရှိမှုများ အရှိန်အဟုန်ဖြင့် တိုးမလာအောင် လက်ရှိအနေ အထားကို ထိန်းထား နိုင်အောင် မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ဆောင်ရွက်နေရသည်။ ။
ရောဂါ၏သဘောတရားအရ များသောအားဖြင့် ဖြစ်ပွားမှု ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းခန့်သည် ဖြစ်ပွား ပြီးနောက် ပြန်လည်သက်သာ ပျောက်ကင်းသွားတတ်သည်။ သို့သော် ရောဂါအခံရှိသူများနှင့် သက်ကြီး ၊ ရွယ်အိုများအတွက်မူ စိုးရိမ်ဖွယ်ရာ အခြေအနေရှိပြီး မူလက ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ခြောက်ဦး သာရှိခဲ့ရာမှ ယခုအခါ သေဆုံးသူ ၃၂ ဦးအထိ လျင်လျင်မြန်မြန် ဖြစ်လာခဲ့သည်။
ယခုအခါ ကိုဗစ်ရောဂါသည် ပြည်သူလူထုကြားတွင် ပြန့်ပွားနေပြီဖြစ်သည်။ ရောဂါကူးစက်ဖြစ်ပွားရာ၌ ၇၀ ရာခိုင်နှုန်းသော ပိုးတွေ့လူနာများတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြသဖြင့် ကူးစက်ပျံ့နှံ့မှု ပိုမိုမြန်ဆန် လွယ်ကူ လာသည်။ ထို့ကြောင့် ပြည်သူလူထုအတွင်း လူအချင်းချင်း ထိတွေ့ဆက်ဆံခြင်း၌ လူတိုင်းလူတိုင်း ရောဂါ ပိုးရှိနိုင်သည်ဟု ခံယူချက်ထားပြီး ရောဂါဘေးအန္တရာယ် ကင်းဝေးအောင် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို မပျက်မကွက် ဆောင်ရွက်သင့်ပါသည်။ မည်သူမဆို၊ မိမိမိသားစုပါမကျန် ခပ်ခွာခွာနေထိုင်ကြပြီး နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းဖြင့် ရောဂါ ကူးစက်မှု လျော့ကျအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့မှသာ ရန်ကုန်မြို့ကြီးကို ကယ်တင်နိုင်မည်ဖြစ်သည်။ ရောဂါ ကာကွယ်ရေးအချက်များကို လူတိုင်းလူတိုင်း မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ ရန်ကုန်တွင် ရောဂါပိုးတွေ့ လူနာများ ထားရာ ဆေးရုံများမှာ လူနာ ၉၀ ရာခိုင်နှုန်းမျှ ပြည့်နှက်နေသဖြင့် ယာယီဆေးရုံနေရာများ တိုးချဲ့ တည်ဆောက်နေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တို့က အပြင်းအထန် လုပ်ကိုင်ဆောင်ရွက်နေကြသည်ကို ပြည်သူလူထုအနေဖြင့် အခြေအနေကို မှန်မှန်ကန်ကန် သိရှိနားလည်ကာ ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါသည်။
ရန်ကုန်ကို အောင်နိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ကျန်းမာရေးဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါး၊ ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်အင်အား အပြည့်ဖြင့် ပါဝင်ဆောင်ရွက်နေကြရာ ကြိုးပမ်း ဆောင်ရွက် နေမှုများကို နိုင်ငံတော်အစိုးရက အသိအမှတ် ပြုထားသည်။ ပြည်သူလူထု ရောဂါကင်းဝေးရေးအတွက် အင်နှင့် အားနှင့် စိတ်ဓာတ်အင်အား အပြည့်ဖြင့် ဆောင်ရွက်နေကြသူအားလုံးတို့ကို ပြည်သူလူထုအပေါင်းက ဦးညွှတ်အလေးပြုကြရမည်ဖြစ်သည်။
ကျန်းမာရေးဘက်မှ ယခုကဲ့သို့ ဆောင်ရွက်ချက်များသည် လူအများ၏အသက်များကို ကယ်တင်နိုင်ရန် အတွက်ဖြစ်သည်။ ပြည်သူများ၏ ပေါ့ဆလိုက်မှုကြောင့်၊ လူငယ်များ၏ လိုက်နာမှု အားနည်း သောကြောင့် မိမိတို့၏ အသက်မသေနိုင်သော်လည်း မိမိတို့၏သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများ နှင့် ရောဂါအခံရှိသူများ၏ ဘဝများ ပျောက်ဆုံးကြွေလွင့်မသွားစေရန်အတွက် ပြည်သူအားလုံးတို့က ရောဂါကာကွယ်ရေးကို အလေးအနက်ထား လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်မည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့၏ ဘိုးဘွား၊ မိဘ၊ ဆရာသမားသက်ကြီးရွယ်အိုများနှင့် ရောဂါအမျိုးမျိုး ခံစားနေကြရသည့် ဝေဒနာ သည်များ၏ဘဝများ အလွယ်တကူ ဆုံးရှုံးမသွားစေရေးအတွက် ဝန်နှင့်အားမမျှအောင် ရုန်းကန် ကြိုးစားနေကြသော ကျန်းမာရေးဝန်ထမ်းများအား အလေးအမြတ်ထားပြီး အားလုံးဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။