နေပြည်တော် ဩဂုတ် ၁၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ် စပယ်ကျေးရွာအုပ်စု ပဲ့ကိုင်ရွာတောင်ကွင်း၌ စိုက်ပျိုးဖြစ်ထွန်းနေသည့် တောင်သူဦးတင်ကို၏ ဘီ-၃၁ စပ်မျိုးဝါများ စိုက်ပျိုးထားရှိမှု၊ ဝါများခူးဆွတ်နေမှုနှင့် ထွက်ရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆင့်အလိုက်ဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့်ဝါများကို ဝယ်ယူနိုင်ရေးအတွက် စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ပြင် ဝါများကို ကြိတ်ခွဲနိုင်ရေးအတွက် ဝါကြိတ်စက်များကိုလည်း အဆင်သင့်လည်ပတ် ကြိတ်ခွဲနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ဝါဂွမ်းများမှတစ်ဆင့် ချည်မျှင်ထုတ်လုပ်ခြင်း၊ ပိတ်များရက်လုပ်ခြင်း၊ အဝတ်အထည်ထုတ်လုပ်ခြင်း လုပ်ငန်းများကို အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ဈေးကွက်ခိုင်မာမှုရှိသည့် ဝါများကို စိုက်ဧကများတိုးချဲ့၍ စိုက်ပျိုးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပျော်ဘွယ်မြို့ရှိ အောင်ကမ္ဘာဝါအဝယ်ဒိုင်သို့ရောက်ရှိပြီး ဝါဈေးကွက်အခြေအနေ၊ ဝယ်ယူရရှိမှု၊ ယခုနှစ်တွင်ထွက်ရှိမည့် ဝါအရည်အသွေးအခြေအနေတို့ကို မေးမြန်း၍ ဝါအဝယ်ဒိုင်အတွင်း ဝါများသိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ ရမည်းသင်းခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စက်မှုလုပ်ငန်းများ၊ MSME များ၏ ပကတိအခြေအနေမှန်များကို သိရှိနိုင်ရေးအတွက် လုပ်ငန်းခွင်အရောက် ကွင်းဆင်းစစ်ဆေးရန်နှင့် လုပ်ငန်းများနှင့်ပတ်သက်၍ အတွင်းကျကျသိရှိအောင် ဆောင်ရွက်ရန်၊ ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကိုသိရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကိုပါရရှိနိုင်၍ အလေးအနက်ထားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ TBL Limited ၏ ဝါမျိုးစေ့များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြုစမ်းသပ်စိုက်ပျိုးထားသည့် ဝါစိုက်ကွင်းသို့ ရောက်ရှိစစ်ဆေးပြီး စက်မှုဝန်ကြီးဌာနရှိ ချည်မျှင်စက်ရုံများတွင် ၁/၄၀ ချည်များ ထုတ်လုပ်ရန်အတွက်သာ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပြီးဖြစ်သော်လည်း ယခုအခါ ၂/၈၀ ချည်များကိုလည်း ဈေးကွက်လိုအပ်ချက်များနှင့်အညီ ထုတ်လုပ်လျက်ရှိကြောင်း၊ ၂/၈၀ ချည်များ ထုတ်လုပ်ရန်အတွက် ဝါဂွမ်းများရှိ အမျှင်အရှည်များသည် သတ်မှတ်ထားသည့် အတိုင်း အတာများ ရှိရမည်ဖြစ်ကြောင်း၊ ယခုသုတေသနပြုလုပ်ပြီး ထုတ်လုပ်ထားသည့် ဝါမျိုးစေ့များဖြင့် စိုက်ပျိုး၍ထွက်ရှိလာသည့် အမျှင်ရှည်သော ချည်မျှင်ရှည်ဝါများသည် ၁/၄၀ နှင့် ၂/၈၀ ချည်များကို ထုတ်လုပ်နိုင်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ကြရန်နှင့် အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ TBL– KTK -1 ဝါမျိုးစေ့များဖြင့် စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်အားပေးကြည့်ရှု စစ်ဆေးသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ပျဉ်မနားခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ခရိုင်ဦးစီးဌာနမှူးက ခရိုင်အတွင်းရှိ စက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုမှတ်ပုံတင် လက်မှတ်များထုတ်ပေးခဲ့မှု၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်နေမှုနှင့် MSME အဖွဲ့ဝင်ကတ်များ ထုတ်ပေးခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်