နေပြည်တော် ဩဂုတ် ၁၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋက ကျောင်းတိုက်၌ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ လာအိုနိုင်ငံသံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး Most Ven Maha Bounma Simmaphomနှင့် ကြွရောက်လာကြသည့် သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများက ဆုတောင်းမေတ္တာပို့သကြပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းရသောရည်ရွယ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့်အပြင် ရိုးရာယဉ်ကျေးမှု သမိုင်းကြောင်းနောက်ခံများလည်း တူညီသည့်အတွက် လာအိုနိုင်ငံဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့တက္ကသိုလ်များတွင် အသုံးပြုရန်အတွက် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းရခြင်းသည် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ခိုင်မြဲ စေရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်တံ့ခိုင်မြဲစေရန်ဖြစ်ပါကြောင်း တင်ပြလျှောက်ထားသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ သံအမတ်ကြီး၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ)နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ၊ လှူဖွယ်သင်္ကန်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လာအိုနိုင်ငံ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ကြွရောက် လာကြသည့် ဆရာတော်ကြီးများက မေတ္တာပို့သာဓုအနုမော ဒနာတရားမြွက်ကြားခဲ့ကြသည်။
လှည့်လည်ဖူးမြော်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋကကျောင်းတိုက်တွင် နိုင်ငံတော်အကြီးအကဲများလှူဒါန်းထားသည့် ဗုဒ္ဓဆင်းတုတော်များနှင့် သာသနိကအဆောက်အဦများကို လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ အခမ်းအနားသို့ လာအိုအမျိုးသားဖွံ့ဖြိုးရေးတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ Mr. Dr.Chanpheng Sudthivong ၊ လာအိုနိုင်ငံသတင်းအချက် အလက်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Phosy Keomanivong နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာကြရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးနှင့် မြန်မာသံရုံးမှတာဝန်ရှိသူများက လာအိုအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်