နေပြည်တော် ဩဂုတ် ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မလိဝမ်းရွှေဖြူ ရော်ဘာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူက ရော်ဘာစေးမှ မှိုင်းခံရော်ဘာပြား (Ribbed Smoked Sheet - RSS) ရော်ဘာကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရော်ဘာစေးအထွက်တိုးအောင် ဆောင်ရွက်ရန်၊ မှိုင်းခံရော်ဘာပြားများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်စွမ်းအားပြည့် အသုံးပြုထုတ်လုပ်ရန်၊ ပြည်ပနိုင်ငံများသို့ ရော်ဘာများ ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ကော့သောင်းမြို့ရှိ ငွေပင်လယ်ငါးဆိပ်ကမ်းသို့ ရောက်ရှိပြီး ဖမ်းဆီးရမိသော ငါးများ ပြည်ပသို့တင်ပို့ရန် One Stop Service-OSS အဖွဲ့၏ စစ်ဆေးနေမှုကို ကြည့်ရှုပြီး ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ ပြည်ပပို့ကုန်ပိုမိုတိုးမြှင့်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းကုန်သည်များအသင်းရုံး၌ ကော့သောင်းခရိုင် ကုန်သည်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ချက်ကို နိုင်ငံတော်မှ ဩဂုတ် ၈ ရက်တွင် ထုတ်ပြန်ပေးခဲ့ ပြီးဖြစ်သဖြင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ ရော်ဘာနှင့် ဒေသထွက်ကုန်အစရှိသည့် ပို့ကုန်များကို လအလိုက် တင်ပို့ရန် လျာထားသတ်မှတ်ပြီး ဖြစ်၍ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်လိုကြောင်း၊ ကုန်သွယ်မှုကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ညနေပိုင်းတွင် နယ်မြေခံ တပ်နယ်ရိပ်သာ၌ ကော့သောင်းကုန်သွယ်ရေးစခန်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှု လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရန်၊ စွမ်းအားပြည့်ဆောင်ရွက်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဂတိကင်းစွာ ဆောင်ရွက်ရန်၊ စည်းလုံးညီညွတ်မှုရှိရန်၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်