နေပြည်တော် ဩဂုတ် ၁၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အားထုတ်လုပ်ရရှိမှုအပေါ် အခြေခံ၍ ထိန်းညှိဖြန့်ဖြူးပေးလျက်ရှိသဖြင့် ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျဖြန့်ဖြူးပေးသွားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်သွားရန်၊ တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး စစ်ဆေးကြပ်မတ်သွားရန်နှင့် ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးနှင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဆောင်ရွက်သွားရန်၊ ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံ၍ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးရန် မှာကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၃၃/ ၁၁ ကေဗွီဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဗို့အားပြည့်ဝတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေးအတွက် ဓာတ်အားခွဲရုံများတွင် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းခွင်သုံးသတ်မှတ်ယူနီဖောင်းနှင့် အကာအကွယ်ပစ္စည်းများ ပြည့်စုံစွာဝတ်ဆင်ဆောင်ရွက်သွားရန် မှာကြားကာ ဓာတ်အားခွဲရုံများမှ မြို့တွင်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆရာဒကာကျောင်းဖြစ်သော ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ရှိ မင်္ဂလာရာမိကကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ကျောင်းတိုက်နှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရေး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများစုပေါင်း၍ လုပ်အားဒါနပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်