နေပြည်တော် စက်တင်ဘာ ၁၄
(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး(55th Meeting of the ASEAN Committee on Culture and Information, 55th ASEAN-COCI Meeeting) ကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူနိုင်ငံမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စား လှယ်များနှင့် အဖွဲ့ဝင်များ၊ COCI အလှည့်ကျဥက္ကဌဖြစ် သည့် စင်ကာပူနိုင်ငံမှ ဘာသာရပ် ဆိုင်ရာ တာဝန်ရှိသူများနှင့် အာဆီယံအတွင်း ရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြရာ မြန်မာနိုင်ငံ-အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီ(COCI-Myanmar)၏ တာဝန်ခံ ဌာန ဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)၊ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ ဦးဆောင်သည့် ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ-အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ(SCI-Myanmar)တာဝန်ခံဌာန ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားမှ ခေတ္တဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဇေယျာ ဦးဆောင်သည့် ကိုယ်စား လှယ်များ က နေပြည်တော်၊ တပ်ကုန်းနှင့် ရန်ကုန်တို့ရှိ သက်ဆိုင်ရာ ရုံး/ဌာနများမှ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးတွင် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်း စဉ်များအတွက် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ယဉ်ကျေးမှုနှင့် ပြန်ကြား ရေးဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်း သည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ဆွေးနွေး ညှိနှိုင်းခြင်း၊ စီမံကိန်းအသစ်များ ဆောင်ရွက်လိုသည့်နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် COCI အစည်းအဝေးအလှည့်ကျ ကျင်းပမည့် နိုင်ငံရွေးချယ်အတည်ပြုခြင်းစသည့် အချက်များကို အဓိကထားပြီး တက်ရောက်ကြသူများက ဝိုင်းဝန်း ဆွေးနွေး အဖြေရှာကြသည်။
အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီကို ၁၉၇၈ ခုနှစ် အောက်တိုဘာ ၄ ရက် တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေကို ထူထောင် ခဲ့သည်။ ကော်မတီ သည် ၁၉၈၅ ခုနှစ်မှစတင်၍ အာဆီယံဆိုင်ရာ စာပေနှင့် လေ့လာမှုများအစုအဖွဲ့၊ အနုသုခုမဆိုင်ရာ အစုအဖွဲ့၊ ရေဒီယို၊ တီဗီနှင့် ရုပ်ရှင်ဗီဒီယိုအစုအဖွဲ့နှင့် ပုံနှိပ် မီဒီယာအစုအဖွဲ့စသည့် လုပ်ငန်းကော်မတီ ၄ ရပ် တို့ ဖြင့် လုပ်ငန်း ဆောင်ရွက်ခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုပုံစံကို အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီနှင့် အာဆီယံပြန်ကြားရေးဆပ် ကော်မတီဟူ၍ ဆပ်ကော်မတီနှစ်ခုဖြင့် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ သည်။
အာဆီယံအမျိုးသားယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီများအားအာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ပြန်ကြားရေးစသည့် ဝန်ကြီးဌာနများ၊ နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင် သံကြားကွန်ယက်များ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြတိုက်များ၊ မော်ကွန်း တိုက်များနှင့် စာကြည့်တိုက်များမှ ကိုယ် စားလှယ်များဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပြီး အစည်း အဝေးအား ဆပ်ကော်မတီ(၂)ခု၏ရန်ပုံငွေဖြင့် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ ရရှိနိုင်ရန် အတွက် အာဆီယံ အသိပညာ ဖြန့်ဝေခြင်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများကို အားပေးမြှင့်တင်မှုများ၊ မတူကွဲပြားသော ယဉ်ကျေးမှု အမွေအနှစ်များ ကိုကာကွယ် ထိန်းသိမ်း မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု များအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အဓိကရည်ရွယ် ကျင်းပခြင်း ဖြစ်သည်။
ယင်းကော်မတီ၏အစည်းအဝေးများကို နိုင်ငံအက္ခရာစဉ်အလိုက် နှစ်စဉ် နိုဝင်ဘာလတွင် အလှည့် ကျကျင်းပလေ့ရှိပြီး ယခုနှစ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုအခြေအနေ ကြောင့် အလှည့်ကျ အိမ်ရှင် ဖြစ် သည့် စင်ကာပူနိုင်ငံက Video Conferencing ဖြင့် ကျင်းပပြုလုပ် ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်း အဝေးများကို (၂၀၀၇)ခုနှစ်နှင့် (၂၀၁၈)ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ပြီး (၅၆) ကြိမ်မြောက် အာဆီယံ ယဉ်ကျေး မှုနှင့် ပြန်ကြားရေး ကော်မတီအစည်းအဝေးကို (၂၀၂၁)ခုနှစ် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)