ရန်ကုန် ဩဂုတ် ၈
၂၀၂၄ ခုနှစ်အတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပစာကြည့်တိုက် ပညာရှင်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဆွေးနွေးပွဲ၏ဆောင်ပုဒ်မှာ “အာဆီယံစာပေအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များနှင့် မတူကွဲပြားသော စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းရေး နည်းလမ်းများ၊ အကောင်းဆုံးရှာဖွေတွေ့ရှိချက်များ”ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်နှင့်အညီ ပေါ်ထွက်လာသော စိန်ခေါ်မှုအသစ်များကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်၌ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များကို စုစည်း၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စာပေပစ္စည်းထိန်းသိမ်းရေးလုပ်ငန်းသည် စာကြည့်တိုက်များအတွက် အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ စာကြည့်တိုက်များသည် ပြည်သူများအတွက် အသိပညာဖြန့်ဝေပေးရာ နေရာဖြစ်သည်နှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်လည်း တန်ဖိုးကြီး စာပေအမွေအနှစ်များကို ကျယ်ပြန့်စွာ ပိုင်ဆိုင်ထားရှိပါကြောင်း။
မိမိတို့အာဆီယံ ဒေသတွင်းရှိ စာကြည့်တိုက်လုပ်ငန်းနယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်များ၏ အတွေ့အကြုံဗဟုသုတများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားအချင်းချင်း အသိပညာ မျှဝေပေးခြင်းသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်းဆုံး နည်းလမ်းများပင်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသည် မိမိတို့၏လုပ်ငန်းများအတွက် စိတ်ကူးသစ်များနှင့် တန်ဖိုးရှိသောရလဒ်များကို စာပေပစ္စည်းထိန်းသိမ်းရေး ဆောင်ရွက်နေကြသူများသာမက မော်ကွန်းထိန်းသိမ်းရေး ဆောင်ရွက်နေသူများကိုပါ အထောက်အပံ့ကောင်းများပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုရရှိလာသည့် အခွင့်အရေးကိုအသုံးချပြီး မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များကို မျှဝေပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ရလဒ်ကောင်းများကို ဦးတည်သည့် အတွေးအမြင်များနှင့် အတွေ့အကြုံသစ်များကို ဖလှယ်ကြရန် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ အားလုံးကိုတိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရလဒ်ကောင်းများရရှိစေမည့် ချိတ်ဆက်ဆွေးနွေးမှုများကို ရရှိရန်မျှော်လင့်မိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို Pyay Room ၌ ကျင်းပပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက တစ်နိုင်ငံလျှင် စာတမ်းတစ်စောင်စီ ဖတ်ကြားဆွေးနွေးကြရာ နိုင်ငံတကာပညာရှင် ထိုင်းနိုင်ငံရှိ SEAMEO SPAFA မှ Senior Researcher ဒေါ်ဥမ္မာမျိုးနှင့် ပြည်တွင်းစာကြည့်တိုက် ပညာရှင် ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်လေးစိုးတို့က စာတမ်းဖတ်ကြားကြပြီး အဆိုပါစာတမ်းများအပေါ် သုံးသပ်ဆွေးနွေးကြသည်။
ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အာဆီယံနိုင်ငံများမှ တက်ရောက်လာကြသော စာတမ်းရှင်များနှင့် ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဩဂုတ် ၉ ရက်တွင် အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်နှင့် ရွှေတိဂုံဘုရားတို့သို့ လေ့လာရေးသွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်