နေပြည်တော် ဩဂုတ် ၈
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပေးနေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းများနှင့် မိသားစုများ၊ စေတနာရှင်အလှူရှင်များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။
ပေးအပ်လှူဒါန်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာမေတ္တာအပြည့်ဖြင့် ရှေ့တန်းမြေသို့ပေးပို့နိုင်ရေးအတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ စည်သွပ်အသား/ ငါး စုစုပေါင်း ၄၃၅၇ ဘူးကို ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကြည့်ရှုအားပေး
အလားတူ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် ကိုယ်တိုင်စုပေါင်း ချက်ပြုတ်ကြော်လှော်ပြီး ပြင်ဆင်ထုပ်ပိုးနေမှုများကို ဩဂုတ် ၅ ရက်က ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က လိုက်လံကြည့်ရှု အားပေးကြသည်။
အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စည်သွပ်ဘူး(ငါးကြင်းပဲ ငါးပိပေါင်း၊ ငါးဆုပ်ဟင်း၊ ဆိတ်သားဟင်း) ၁၂၀၀၊ ဆာဒင်းငါးသေတ္တာဘူး ၄၀၀ ၊ ငါးရံ့/ကြက်သားဆန်ပြုတ် အထုပ် ၈၀၀၊ ရှူးရှဲလက်ဖက်ထုပ် ၈၀၀၊ ကိုယ်တိုက်ဆပ်ပြာတုံး ၄၀၀၊ ဂွေးသီးငါးပိချက်အထုပ် ၄၀၀၊ ငါးပိရည်ထုပ် ၄၀၈ ထုပ်၊ ပုစွန် ငါးပိထောင်ဘူး ၄၀၀၊ အာပြဲခြောက်ကြော်ထုပ် ၄၀၀ ၊ ပုန်းရည်ကြီးထုပ် ၄၀၀၊ ချိုချဉ်ထုပ် ၄၀၀၊ ဆေးလိပ်ဆေး ပိဿာ ၃၀၊ သွားတိုက်ဆေး/ သွားတိုက်တံ အစုံ ၄၀၀၊ တစ်ခါသုံးမုတ်ဆိတ်ရိတ်ဓား ၁၆၀၀၊ ကြယ်နီဆေးလိပ် ၈၀၀၀ နှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ထားသည့် ဗာလချောင်ကြော် ပိဿာ ၄၀ စုစုပေါင်းငွေကျပ်သိန်း ၁၃၀ ခန့် တန်ဖိုးရှိပစ္စည်းများကို ပေးပို့လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြပြီး အဆိုပါ စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို အသက်ပေးကာကွယ်စောင့်ရှောက်နေကြတဲ့ ရှေ့တန်းရောက် တပ်မတော်သားများ အားလုံးကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းဝေးပါစေ၊ တရားသောစစ်ဆင်နွှဲနေတဲ့ တပ်မတော်သားများ အားလုံးအိမ်ပြန်လာမည့်နေ့ကို မိသားစုတွေနှင့်အတူ အောင်သပြေပန်းနှင့် ကြိုဆိုနေပါ့မယ်” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကိုလည်း ထည့်သွင်းပေးပို့သွားမည်ဖြစ်သည်။
ပြင်ဆင်ထုပ်ပိုး
ထို့အတူ ဩဂုတ် ၆ ရက် နံနက်ပိုင်းက တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပေးပို့လှူဒါန်းရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ မေတ္တာ၊ စေတနာအပြည့်ဖြင့် ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပြီး ပြင်ဆင်ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်ကြော်ဘူး ၁၅၀၀၊ ပုစွန်ခြောက်ကြော်ဘူး ၁၅၀၀၊ ငါးပိထောင်းဘူး ၁၅၀၀၊ အသင့်စားခေါက်ဆွဲခြောက်အထုပ် ၃၀၀၀၊ ကော်ဖီမစ်အထုပ် ၃၀၀၀၊ ချိုချဉ်အလုံး ၁၅၀၀၀ နှင့် ကြယ်နီဆေးပေါ့လိပ်အလိပ် ၁၀၀၀၀ စုစုပေါင်းငွေကျပ် ၁၁၂ သိန်းတန်ဖိုးရှိ ပစ္စည်းများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
အဆိုပါ စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့် လူငယ်လက်ရွေးစင် အားကစားသမားများက “တရားသောစစ် ဆင်နွှဲကြသော စစ်သည်တော်အပါင်း ဘေးရန်ကင်းလို့ အောင်ပန်းဆင်နိုင်ပါစေ”၊ “ရှေ့တန်းရောက် စစ်သည်တော်အပေါင်း အန္တရာယ်ကင်းလို့ တိုက်ပွဲတိုင်းအောင်မြင်ပါစေ” အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။
ပေးအပ်လှူဒါန်း
အလားတူ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေဝယ်သဇင်ရိပ်သာ၌ကျင်းပပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးနီတူ၊ ပုစွန်ငါးပိချက်၊ ဗာလချောင်ကြော်၊ ဆေးပေါ့လိပ်၊ ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ လက်ဖက်အကြော်စုံ၊ ချိုချဉ် စသည့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းနိုင်ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြသည့်အပြင် စားသောက်ဖွယ်ရာများနှင့်အတူ “တပ်မတော်သားများရဲ့ အောင်မြင်မှု၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုများကို စောင့်မျှော်လျက် တပ်မတော်သားများကို ချစ်တဲ့ပြည်သူတွေ အများကြီးရှိပါတယ်။ တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ” စသည့် ဆုတောင်းမေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ခဲ့ကြသည်။
ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထားဝယ်ခရိုင်မှ ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၂၉၄၀၀၀၀၊ ပစ္စည်းတန်ဖိုးငွေကျပ် ၂၄၁၃၁၃၀၀ စုစုပေါင်းငွေကျပ် ၃၇၀၇၁၃၀၀၊ မြိတ်ခရိုင်မှ ပစ္စည်းတန်ဖိုးငွေကျပ် ၂၃၀၀၅၅၄၀၊ ကော့သောင်းခရိုင်မှ ပစ္စည်းတန်ဖိုးငွေကျပ် ၁၁၁၈၃၀၀၀၊ ဘုတ်ပြင်းခရိုင်မှ ပစ္စည်းတန်ဖိုးငွေကျပ် ၂၃၀၀၅၅၄၀ တို့ကို မေတ္တာဖြင့် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဩဂုတ် ၅ ရက်က တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မန္တလေးတိုင်းဒေသကြီးအတွင်းမှ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုပေးအပ်သည့် စားသောက်ဖွယ်ရာများကို မန္တလေးမြို့တော်စည်ပင်သာယာရေးရုံး မြို့တော်ခန်းမ၌ စနစ်တကျ ပြင်ဆင်ထုပ်ပိုးဆောင်ရွက်ကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ကြော်လှော်နေမှု၊ စနစ်တကျ ထုပ်ပိုးပြင်ဆင်နေမှုများကို တက်ညီလက်ညီ စိတ်အားထက်သန်စွာ ဝိုင်းဝန်းဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ဝန်ထမ်းများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုပေးအပ်သည့် အသင့်စားခေါက်ဆွဲထုပ်၊ လက်ဖက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ဆေးပေါ့လိပ်၊ မြေပဲကြော်ထုပ်၊ နှစ်ပြန်ပဲကြော် ထုပ်၊ ငါးနီတူကြော်ထုပ်၊ ငါးပိထောင်းဘူး၊ Royal-D ဓာတ်ဆားထုပ် စသည့် စုစုပေါင်းငွေကျပ် ၃၁၂ သိန်းကျော်တန်ဖိုးရှိ အစားအသောက်ကိုးမျိုးအပြင် စိတ်ဓာတ်ခွန်အား နိုးကြားတက်ကြွစေရန် “ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် တိုက်ပွဲတိုင်းအောင်မြင်ပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ရေးသားထည့်သွင်းပေးပို့ကြသည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဆိုပါစားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။
ထို့အတူ ဩဂုတ် ၆ ရက်က ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မွန်ပြည်နယ်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ပြင်ဆင်ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၂၁၂၅၂၅၀ဝ တန်ဖိုးရှိ ငါးခြောက်ကြော်၊ ဗာလချောင်ကြော်၊ ငံပြာရည်ကြော်ဘူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပဲနို့၊ လက်ဖက်၊ ပုစွန် ခြောက်၊ ငါးခြောက်၊ အမယ်စုံ၊ မုန့်မျိုးစုံနှင့် အရေးပေါ်ဆေးဝါးများ စသည်တို့ကို ပေးအပ်လှူဒါန်းရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက လက်ခံရယူခဲ့သည်။
ထိုသို့ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “တရားသောစစ် အမြန်ဆုံး အောင်မြင်ပါစေ။ တပ်မတော်သားများရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာစာများကိုလည်း ပေးပို့ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်