နေပြည်တော် ဩဂုတ် ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များ အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုနှင့် ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ UNHCR အနေဖြင့် လုပ်ငန်းဆိုင်ရာ အသုံးပြုမည့် ပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် ကူညီဆောင်ရွက်ပေးမှု အခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်