နေပြည်တော် သြဂုတ် ၇
သြဂုတ် ၁၂ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံ့လူငယ်များကို ကမ္ဘာ့လူငယ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် ပညာရည်မြင့်မားရေးအပြင် ဘက်စုံထူးချွန်ထက်မြက်စေရေး ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ကျောင်းသားလူငယ်များသည် နိုင်ငံ့စေတနာကို သိရှိနားလည်ကြပြီး တိုင်းပြည်ချစ်စိတ်ထက်သန်စွာ ပြည်သူများ၏အကျိုးကို အမှန်တကယ်သယ်ပိုးနိုင်ရေး နည်းပညာဖွံ့ဖြိုးရေးလေ့လာမှုများကို ကျားကုတ်ကျားခဲကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့်သူများပီပီ ဗလငါးတန်ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်သွားရန်၊ ကျောင်းသားအားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားများဖြစ်သည်အထိ ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသားများက အားကစားသစ္စာအဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး ဒုတိယဝန်ကြီးက အင်ဂျင်နီယာဘာသာရပ်အလိုက် ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ အင်ဂျင်နီယာဘာသာရပ်ပေါင်းစုံ ညွန့်ပေါင်းအကအဖွဲ့နှင့် ဘာသာရပ်အလိုက် ကျောင်းသား ကျောင်းသူအကအဖွဲ့များက အစီအစဉ်အတိုင်း ကပြဖျော်ဖြေကြရာ ဒုတိယဝန်ကြီးက အကအဖွဲ့များကို အဖွဲ့လိုက်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အဖွင့်ပွဲစဉ် ဖူဆယ်ဘောလုံး (ကျား) ပြိုင်ပွဲအဖြစ် Farm Machinery အသင်း နှင့် Civil အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်လေးဂိုးစီဖြင့် သရေ ကျသွားသည်။
အဆိုပါ မိုးရာသီအားကစား ပြိုင်ပွဲတွင် ဖူဆယ်ဘောလုံး (ကျား)၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင် (ကျား/မ) စုစုပေါင်း အားကစားနည်း ငါးမျိုးကို ဩဂုတ် ၇ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကာ အားကစားသမားပေါင်း ၁၉၇ ဦး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်