Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဩဂုတ် ၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အတူ ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ရုံး၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် မိသားစုများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မိတ္ထီလာခရိုင်ရုံးတို့သို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်ရုံးနှင့် ချောက်မြို့နယ်ရုံးတို့သို့လည်းကောင်း ရောက်ရှိပြီး စာကြည့်တိုက်နှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။

စာဖတ်ရှိန်မြှင့်တင်ရေး

ဒုတိယဝန်ကြီးက ဝန်ထမ်းများအား မှာကြားရာတွင် လူငယ်များအပါအဝင် ပြည်သူများ အသိပညာဗဟုသုတပြည့်ဝရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ စာကြည့်တိုက်များတွင် စာဖတ်သူ၊ စာငှားသူ တိုးတက်အောင် စည်းရုံးဆောင်ရွက်ရေး၊ မိမိတို့ကိုယ်တိုင်လည်း စာပေလေ့လာဖတ်ရှုကြ ပြီး အသိပညာတိုးတက်အောင် ကြိုးစားကြရန်နှင့် ထာဝစဉ်လေ့လာသင်ယူနေသော လူ့အဖွဲ့အစည်းဖြစ်အောင် အားပေးဖော်ဆောင်ရေး၊ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရေး၊ ယနေ့နိုင်ငံတော်တွင် တွေ့ကြုံနေရသည့် ဆူပူအကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများ ပပျောက်ချုပ်ငြိမ်းပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူအားလုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ပူးပေါင်းပါဝင်ကာကွယ်စောင့်ရှောက်သွားကြရန် အသိပညာပေးရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်