မန္တလေး ဩဂုတ် ၇
ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန (၁၃) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားကို နဝရတ်ကတိသစ္စာ သံပြိုင်ရွတ်ဆိုဖွင့်လှစ်ပြီး သဘာပတိ၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ဧည့်သည်တော်များသည် ပိုစတာများကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT) တို့ ပူးပေါင်း ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr.Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT) မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ အထိမ်းအမှတ်သစ်ပင်များကို စိုက်ပျိုးကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်