Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့သို့ ထွက်ခွာ

နေပြည်တော် ဩဂုတ် ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၈ ရက်မှ ၁၀ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပမည့် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

ပို့ဆောင်နှုတ်ဆက်

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည်။

အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဩဂုတ် ၈ ရက်တွင် (၁၆) ကြိမ်မြောက် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် လုပ်ငန်းသုံးသပ်ခြင်း အစည်းအဝေးနှင့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆုပေးပွဲ အခမ်းအနားများကိုလည်းကောင်း၊ ဩဂုတ် ၉ ရက်တွင် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးများဖြစ်သော (၂)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၊ (၁၀)ကြိမ်မြောက် အာဆီယံ+၃ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၊ (၉)ကြိမ်မြောက် အာဆီယံ-တရုတ်ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ အထူးအစည်းအဝေးများကိုလည်းကောင်း တက်ရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးများတွင် အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံ ၂၀၂၅ အလွန်ကျန်းမာရေးဦးစားပေးကဏ္ဍရပ်များ သတ်မှတ်ခြင်း၊ ကမ္ဘာ့ကပ်ရောဂါအလွန်ကျန်းမာရေးစနစ် စွမ်းဆောင်ရည် ခိုင်မာအားကောင်းစေခြင်း၊ ကျန်းမာရေးကဏ္ဍတွင် Digital နည်းပညာအား တိုးမြှင့်အသုံးပြုခြင်း အစရှိသောခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်