Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်မြို့နယ်များသို့ လှည့်လည်ကြည့်ရှု၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၊ ထောက်ပံ့

နေပြည်တော် ဩဂုတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြိုသို့ သွားရောက်ပြီး အမှတ် (၃) ရပ်ကွက် ဝိသုဒ္ဓါရာမမြို့မမင်းကျောင်း ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၌ သာပေါင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၁၈ ခုမှ ဘေးသင့်ပြည်သူ ၈၉၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၀၄၆၀၀ဝ နှင့် မြို့ပေါ်ရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူ ၂၅၄ ဦးအတွက် ကြက်ဥ ၁၀၁၆ လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို အထူးဂရုပြုနေထိုင်ကြရန်တို့ကိုမှာကြားပြီး မြို့မမင်းကျောင်းဆရာတော်အားဖူးမြော်၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပုသိမ်မြို့ သမိုင်းဝင် တာဝတိံသာဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း၌ မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၁၇ ခုမှ ရေဘေးသင့်ပြည်သူ ၉၉၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၈၉၄၆၀၀ဝ နှင့် မြို့ပေါ်ရေဘေးရှောင်စခန်းမှ ရေဘေးသင့်ပြည်သူ ၁၅၂ ဦးအတွက် ကြက်ဥ ၆၀၈ လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး နေ့စဉ်လူနေမှုဘဝ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကို မေးမြန်းအားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပုသိမ်ဧည့်ရိပ်သာ၌ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့များအတွင်းရှိ အခြားသော ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများသို့ ထပ်မံထောက်ပံ့ရန် ဆန်ရိက္ခာဖိုးငွေကျပ် ၅၈၉၅၉၀၀ဝ နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများကို နိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ် ၁၅၂၂၀၀၀၀ တန်ဖိုးရှိ Smart ကျား/မ ရှပ်အင်္ကျီအထည် ၁၀၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သာသနာ့ဗိမာန်သိမ်တော်ကြီးသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်း ၄၁ ခုမှ ရေဘေးသင့်ပြည်သူ ၆၉၈ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၆၂၈၂၀၀ဝ နှင့် ကြက်ဥ ၂၇၉၂ လုံးကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ရေသန့်တို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်၍ နှစ်စဉ်တွေ့ကြုံခံစားနေရသော ရေဘေး အန္တရာယ်နှင့်စပ်လျဉ်း၍ နောင်နှစ်များတွင် ခံစားရမှုလျော့နည်းသက်သာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ စေတနာရှင်များစသည်ဖြင့် အားလုံး ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သော ရပ်ရွာလူထုများ ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားကာ လိုအပ်သည်များမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခု ၂၀၂၄ ခုနှစ် မုတ်သုံကာလ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုစုစုပေါင်းမှာ ငွေကျပ်သိန်း ၁၅၀၀ ကျော်နှင့် နေရပ်စွန့်ခွာပြည်သူများအတွက် ငွေကျပ်သိန်း ၁၅၀ ကျော်တို့ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်