Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ညောင်ရွှေမြို့နယ် အင်းပေါခုံခေတ်မီစံပြကျေးရွာအတွင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေး တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု နောင်မွန်းကျေးရွာသို့ သွားရောက်၍ အသင်းသား ၁၅ ဦးဖြင့် နွားအကောင် ၃၀ မွေးမြူနေသော ရွှေတက်တိုး မွေးမြူရေးသမဝါယမအသင်းလီမိတက်မှ အသင်းသူအသင်းသားများနှင့်တွေ့ဆုံကာ ဒေသနွားမျိုးများ တိုးချဲ့မွေးမြူရန်နှင့် ယခင်ဘဏ္ဍာနှစ်တွင် သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အိမ်သွယ်ရေတိုင်စနစ် သောက်သုံးရေရရှိရေး၊ ကုန်ထုတ်လမ်း တစ်မိုင် နှစ်ဖာလုံဖောက် လုပ်ပေးခြင်း၊ မြစိမ်းရောင်စီမံကိန်းမတည်ပေးခြင်းနှင့် ကျေးရွာအဝင်လမ်း လေးဖာလုံကတ္တရာခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌတို့က အမှာစကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ဒေသခံတောင်သူများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နောင်တရားမြို့သို့ သွားရောက်ပြီး နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ တန် ၂၀၀၀ အာလူး အအေးခန်းသိုလှောင်ရုံကိုလည်းကောင်း၊ လိုအပ်သောဒေသများတွင် တပ်ဆင်အသုံးပြုနိုင်ရေးအတွက် စမ်းသပ်ဆောင်ရွက်ထားသော ၄၈ တန်ဆံ့ ရွေ့လျားအအေးခန်းသိုလှောင်ရုံ (Mobile Cool Room) ကို လည်းကောင်း၊ ယခုကဲ့သို့ အအေးခန်းစက်ရုံကြီး ပေါ်ပေါက်လာစေရေးအတွက် အစပျိုးလုပ်ငန်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ကူညီပံ့ပိုးပေးခဲ့သော တန် ၃၀ ဆံ့ အအေးခန်းသိုလှောင် ရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အဆိုပါသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ပြီး နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ တစ်သျှူးကာချာနည်းဖြင့် အာလူးမျိုးများ စမ်းသပ်ထုတ်လုပ်နေသော မျိုးပွားခြံသို့သွားရောက်၍ ၄၅ ရက်သား ရုရှား G1 မျိုး စိုက်ပျိုးထားမှုကို ကြည့်ရှုလေ့လာသည်။

ယင်းနောက် ပင်လောင်းမြို့နယ် နောင်တရားကျေးရွာ၊ နန်းတိုင်းကျေးရွာနှင့် လွင်ကျေးရွာတို့မှ ငရုတ်သီးစိုက် တောင်သူအစုအဖွဲ့များနှင့်တွေ့ဆုံပြီး လက်ရှိစိုက်ပျိုးထားသော ငရုတ်ဧက ၄၀၀၀ မှ ထွက်ရှိသော ငရုတ်သီးများ၏ ဈေးကွက်ရရှိမှုအခြေအနေ၊ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်နိုင်မှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး သမဝါယမအသင်းစုချုပ်များနှင့်ပူးပေါင်း၍ ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့် ပြည်ပပို့ကုန်အထိပါ မျှော်မှန်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးရာ ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တောင်မြေခြားနှင့် မြောက်မြေခြား ကျေးရွာချင်းဆက် လမ်းအရှည် တစ်မိုင်ကတ္တရာခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village ၊ One Product)အဖြစ် မြန်မာ့ရိုးရာ ရက်ကန်းနှင့် အထည်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ညောင်ရွှေမြို့နယ် အင်းပေါခုံ ခေတ်မီစံပြကျေးရွာသို့သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတိုင်စည်းနည်းပညာ သင်တန်းတက်ရောက်နေသော သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အင်းပေါခုံခေတ်မီစံပြကျေးရွာတွင် ဆောင်ရွက်ပေးမည့်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေများ ပေးအပ်ပြီး ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်