နေပြည်တော် ဩဂုတ် ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက မိုးရာသီကာလ ရေကြီးမှုဖြစ်စဉ်များကြောင့် ရေဘေးသင့်ခဲ့ကြသော ပဲခူးမြို့ပေါ်ရပ်ကွက်များရှိ ရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများကို သွားရောက် တွေ့ဆုံအားပေးစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ထားသည့် သဘာဝဘေးကွပ်ကဲရေးရုံးသို့ရောက်ရှိပြီး တိုင်းဒေသကြီးအတွင်း ရေဘေးဖြစ်ပွားမှုအခြေအနေ၊ ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုနှင့် ရေဘေးရှောင်စခန်းဖွင့်လှစ်ထားမှုအခြေအနေများကို ဆွေးနွေးပြီး မြို့သစ်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူ ၁၇၉၅ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၆၁၅၅၀၀ဝ၊ ကြက်ဥအလုံးရေ ၃၅၉၀၊ ခေါက်ဆွဲခြောက်ထုပ် ၃၅၉၀ တို့ကိုလည်းကောင်း၊ ကျောက်ကြီးစုရပ်ကွက်၊ အထက်တန်းကျောင်းခွဲ (ကျောက်ကြီးစု)တွင် ဖွင့်လှစ် ထားသော ရေဘေးရှောင်စခန်းသို့ သွားရောက် ကာ ရေဘေးသင့်ပြည်သူ ၁၆၁၆ ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေကျပ် ၁၄၅၄၄၀၀၀၊ ကြက်ဥ ၃၂၃၂ လုံး၊ ခေါက်ဆွဲ ခြောက်ထုပ် ၃၂၃၂ ထုပ်တို့ကို လည်းကောင်း၊ ဟံသာဝတီရပ်ကွက် မွန်ဓမ္မာရုံတို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူ ၁၅၀၀ အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၃၅၀၀၀၀၀၊ ကြက်ဥ ၃၀၀၀၊ ခေါက်ဆွဲခြောက်ထုပ် ၃၀၀၀ တို့ကိုလည်းကောင်း ပေးအပ်ထောက်ပံ့ခဲ့ကြပြီး ကလေး များအား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သော စားစရာမုန့်များပေးဝေကာ ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။
အဆိုပါ စခန်းသုံးခုတွင် နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် စီမံခန့်ခွဲဆောင်ရွက်ပေးနေမှုများ၊ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ရေဘေးဖြစ်ပွားပြီးနောက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့အဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးမည့်အခြေအနေများကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရှင်းလင်းပြောကြားအားပေးကြသည်။
ယနေ့ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၅၂၇ သိန်းကျော်ဖြစ်ပြီး အမျိုးသားကော်မတီ၏ ညွှန်ကြားမှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများကို ရေဘေးစတင်ဖြစ်ပွားသည်မှစ၍ ယနေ့အထိ ထောက်ပံ့မှုပေါင်းမှာ ကျပ်သိန်း ၃၂၁၀ နီးပါးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်