Skip to main content

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဆပ်ကော်မတီများမှအတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပခဲ့သည့် ကာလသည် ငွေရတု ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည့်အတွက် ငွေရတုအထိမ်းအမှတ် အစဉ်အလာအတိုင်း ထိုက်သင့်သည့်အလျောက် ခမ်းခမ်းနားနားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် တင်ပြထားသည့် သုံးစွဲငွေများထဲမှချိန်ဆ၍ အခမ်းနားဆုံး ကျင်းပသည့်ပွဲနှင့်အညီ လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဘတ်ဂျက်အနေဖြင့်လည်း အတတ်နိုင်ဆုံးစိစစ်ချွေတာ၍ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဆပ်ကော်မတီများမှတင်ပြလာသော အသုံးစရိတ်နှင့် စက်သုံးဆီလျာထားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆပ်ကော်မတီများဖြစ်သည့် လုံခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေးကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲစိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်လှုံ့ဆော်ရေးဆပ်ကော်မတီ၊ တည်းခိုမည့်နေရာအုပ်ချုပ်ရေးဆပ်ကော်မတီ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် MICC(II)တို့မှ တာဝန်ရှိသူများက ၎င်းတို့တင်ပြထားသည့် အသုံးစရိတ်နှင့် စက်သုံးဆီလျာထားချက်များနှင့်ပတ်သက်၍ စိစစ်သုံးစွဲနိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်