ရန်ကုန် ဩဂုတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဖိုတိုလစ်သိုစက်ရုံဝင်းအတွင်း၌ ပုံနှိပ်ခြင်းလုပ်ငန်းနှင့် စာအုပ်ချုပ်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး စာသင်ခန်း၊ အားကစားခန်းမနှင့် သိုလှောင်ခန်းအဖြစ် အသုံးပြုနိုင်ရန်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဖိုတိုလစ်သိုစက်ရုံ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က စာအုပ်၊ စာပေကို အလေးထားတန်ဖိုးထားကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပြင်ပမှစာအုပ်၊ စာစောင်များကို ပုံနှိပ်ထုတ်ဝေပေးလျက်ရှိပြီး ဌာနအနေဖြင့် အချိန်မီထုတ်လုပ်နိုင်ရေးနှင့်အရည်အသွေးကောင်းမွန်ရေးတို့ကို ဆက်လက်ဂရုပြုသွားရန်လိုအပ်ကြောင်း၊ ပုံနှိပ်စက်ရုံအတွင်း စက်ပစ္စည်းများကြံ့ခိုင်ရေးနှင့် ပစ္စည်းများအလေအလွင့်မရှိစေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
၁၉၅၁ ခုနှစ်တွင် အဆိုပါ စက်ရုံမြေနေရာကို ငွေကျပ် ၁၀၂၀၁၈၀ ဖြင့် ဗဟိုပုံနှိပ်တိုက်ကဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဝန်ထမ်း ၉၀ ကျော်ဖြင့် ဗဟိုပုံနှိပ်တိုက်ခွဲ (ဖိုတိုလစ်သိုပုံနှိပ်တိုက်ခွဲ)အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မတ်လတွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းစဉ် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ JICA အထောက်အပံ့ဖြင့် ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်ပုံနှိပ်လုပ်ငန်းစီမံချက်ကို ယန်းငွေ သန်းပေါင်း ၆၉၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်