နေပြည်တော် ဩဂုတ် ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။
ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်မှာ သက်တမ်းအားဖြင့် (၃) နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် ၃ ရပ်တွင်ပါဝင်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”၊ “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်တွင် စတင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်မြင့်မြင့် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အပြင် လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် ထူးခြားသည့်အင်အားစု တစ်ရပ်ဖြစ်သည့်အတွက် လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး လူငယ်ဆိုင်ရာကဏ္ဍ ၁၆ ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့အခမ်းအနားတွင်ဝန်ကြီးရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာန (နေပြည်တော်) နှင့် လူငယ်ရေးရာဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအနက်မှ ဝန်ကြီးဌာနတွင်း/ ဌာနပြင်ပသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် မိမိတို့ဝန်ကြီးဌာနမှ အားကစားသမား စုစုပေါင်း ၁၃ ဦးတို့ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ် ၅၁ သိန်းတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍတွင် စည်းကမ်းရှိရှိ၊ တာဝန်သိသိဖြင့် မိသားစုညီအစ်ကိုမောင်နှမသဖွယ် စည်းစည်းလုံးလုံးပျော်ရွှင်စွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် ဝန်ထမ်းအားကစားသမား များနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်