Skip to main content

ပုဗ္ဗသီရိမြို့နယ် တောင်သူများပူးပေါင်းပါဝင်သော သက်လျင်အထွက်ကောင်းစပါးမျိုးများ ရွေးချယ်

နေပြည်တော် ဩဂုတ် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးမွေးမြူရေးပညာရှင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ထားသည့် တောင်သူများကိုယ်တိုင်ပါဝင်သော မိဘမျိုးနှစ်မျိုးနှင့်အထက် မျိုးကူးစပ်ထားသည့် စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသနစမ်းသပ်ကွက်တွင် အထွက်ကောင်း သက်လျင်စပါးမျိုးသားဆက်လိုင်းများ ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ဆွေစဉ်မျိုးဆက်လုပ်ကိုင်ခဲ့ကြသည့် တောင်သူဦးကြီးများ၏ အတွေးအမြင် အတွေ့အကြုံများကို ဆွေးနွေးဖော်ထုတ်ပြီး နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ တောင်သူ့လက်တွေ့ဘဝ အခက်အခဲကို ထိရောက်စွာကူညီဖြေရှင်းပေးနိုင်ကြမည်ဖြစ်ပြီး မိမိတို့မျှော်မှန်းဆောင်ရွက်နေကြသည့် စားရေရိက္ခာဖူလုံမှုနှင့် လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းကို အောင်မြင်စွာဖော်ဆောင်နိုင်ကြမည်ဖြစ်ကြောင်း။

သို့ဖြစ်၍ ယခုကဲ့သို့ သက်လျင်အထွက်ကောင်း စပါးမျိုးများ မျိုးစပ်ခြင်းဆိုင်ရာ အခြေခံမျိုးဗီဇ ပညာရပ်နှင့် သားဆက်လိုင်းရွေးချယ်ခြင်းဆိုင်ရာ နည်းပညာများကို တောင်သူများ လက်တွေ့လေ့လာ ဆောင်ရွက်နိုင်ကြစေရန်၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် နီးနီးကပ်ကပ်တွေ့ဆုံ၍ စပါးမျိုးများ မျိုးစပ်မွေးမြူခြင်းဆိုင်ရာ နည်းပညာများ မျှဝေဖလှယ်နိုင်စေရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်၍ တောင်သူဦးကြီးများက စိတ်တူ ဆန္ဒတူ ပူးပေါင်းပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ၊ ဇေယျာသီရိမြို့နယ်မှ တောင်သူများသည် စပါးသားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်း သုတေသန စမ်းသပ်ကွက်တွင် စိုက်ပျိုးထားသည့် သက်လျင် အထွက်ကောင်းစပါးမျိုးများကို ကွင်းဆင်းရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်