Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ပဲခူး      စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီးနှင့်ထိစပ်လျက်ရှိသည့် ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားမှု ပိုမိုများပြားလာနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးနှင့် ရောဂါ ပြန့်ပွားမှုမဖြစ်ပေါ်စေရေးတို့အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးနှင့် တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲက ပဲခူးမြို့နယ်အတွင်း ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကို လိုက်လံကြည့်ရှုခဲ့ကြသည်။

 ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရွှေဝါထွန်းဟိုတယ်သို့ သွားရောက်ပြီး လူနာများ ပိုမိုများပြားလာပါက ယာယီကုသဆောင်များအဖြစ် အမြန်ဆုံးအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား ကုသပေးလျက်ရှိသည့် ပဲခူးပြည်သူ့ဆေးရုံကြီး၏ Isolation Unit (ကလိ)သို့ သွားရောက်ကြည့်ရှုကာ ပိုးတွေ့လူနာ(၅၁)ဦးအား ကုသစောင့်ရှောက်ပေးနေမှု၊ လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအား အလှူရှင်များ၏ အစီအစဉ်ဖြင့် အာဟာရကျွေးမွေးနေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရေသန့်ရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေ များအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် အင်းတကော်မြို့ စစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး အဆိုပါဂိတ်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဝင်/ထွက် သွားလာမှုများအား စနစ်တကျ ကန့်သတ်စစ်ဆေး နေမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးခြင်းများပြုလုပ်ကာ တာဝန်ကျဝန်ထမ်းများအတွက် Mask များ၊ Hand Gel များ အပါအဝင် ကျန်းမာရေးအကာအကွယ်ပစ္စည်းများကို အင်းတကော်မြို့ မြိုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတက္ကသိုလ်အတွင်း ဖွင့်လှစ်ထားသော Facility Quarantine Center သို့သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာ လုပ်အားရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး လုပ်ငန်း ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် Mask များ၊ Hand Gel များအပါအဝင် ကျန်းမာရေး အကာအကွယ် ပစ္စည်းများကို ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဈေးများ၊ စားသောက်ဆိုင်များ၊ စက်ရုံများအပါအဝင် လူစည်ကားရာ နေရာများတွင် ပြည်သူများအား စည်းကမ်းလိုက်နာစေရန် ပညာပေးဆောင်ရွက်ရန်များ၊ စည်းကမ်း ထိန်းသိမ်းရန်များ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အနေဖြင့် ပြည်သူများနှင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၏ တင်ပြမှုအပေါ် မူတည်၍ ဆုံးဖြတ်ပေးရန်များ စသည်တို့ကိုဆွေးနွေးပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ လမ်းညွှန်မှာကြားခဲ့‌မှုအပေါ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရန်နိုင်မောင်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၊ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လတ်တလောရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားလာနိုင်မှု၊ ကူးစက် ပြန့်ပွားမှုအား ထိန်းချုပ် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မှုများကိုတင်ပြခဲ့ရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)