တီဟီရန် ဇူလိုင် ၃၁
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက်ဘက်ဂါဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့က တီဟီရန်မြို့ရှိ အီရန်လွှတ်တော်၌ ကျင်းပသည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် မစ္စတာမာဆော့ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမစတင်မီ စုပေါင်းဓါတ်ပုံရိုက်ကြရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အခြားသော ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။
မိန့်ခွန်းပြောကြား
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ နိုင်ငံပေါင်း (၈၀) ကျော်မှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် အထူးကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား၌ အစီအစဉ်အရ အီရန်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက်ဘက်ဂါ ဂါလီဘာ့ဖ်က အဖွင့်အမှာစကားပြောကြားကာ အီရန်တရားသူကြီးချုပ် မစ္စတာ မိုဆယ်နီအီဂျဲက မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် အီရန်သမ္မတသစ် မစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်က ကျမ်းသစ္စာကျိန်ဆို၍ မိန့်ခွန်းတစ်ရပ်ပြောကြားကာ အီရန်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက်ဘက်ဂါ ဂါလီဘာ့ဖ်က အပိတ်မိန့်ခွန်းပြောကြားပြီး ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
တက်ရောက်
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အီရန်သမ္မတ မစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အခြားသောနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်သည်။
ဆွေးနွေးပြောကြား
အီရန်နိုင်ငံသို့ ရောက်ရှိစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အခမ်းအနားတက်ရောက်လာကြသည့်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များအား ထည့်သွင်းဆွေးနွေးပြောကြားခဲ့သည်။
တီဟီရန်မြို့၌ ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ပို့ဆောင်ပြသ
ခရီးစဉ်အတွင်း အိမ်ရှင်အီရန်အစိုးရက ကိုယ်စားလှယ်အဖွဲ့များအား တီဟီရန်မြို့ရှိ အီရန်အမျိုးသားပြတိုက်နှင့် အီရန်ရှေးဟောင်း သုတေသနနှင့်အနုပညာပြတိုက်တို့သို့ ပို့ဆောင်ပြသပေးကြသည်။
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတသစ် မစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်အား ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ကျန်းမာရေးဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ရာထူးတာဝန်အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်