နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံများက ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကြီးစွာပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”ဦးတည်ချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရန်လိုအပ်သည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ရန်အတွက် အနည်းဆုံး အလယ်တန်းအဆင့် တတ်မြောက်ရန် လိုအပ်သဖြင့် ကျောင်းသား ကျောင်းသူများအား KG+9 အထိ မဖြစ်မနေသင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ KG+9 တက်ရောက်အောင်မြင်ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများတွင် ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။
ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်လာပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘက်စုံပညာပြည့်ဝသည့် ပညာတတ်များ အထူးလိုအပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်အတွက် ပညာပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ယခုအချိန်ကတည်းက ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်လူရွယ် အများစုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှင့်ကင်းကွာခဲ့ကြသည်။ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်စသည်ဖြင့် ပညာအဆင့်အလိုက် လျော့နည်းကျဆင်းခဲ့သည်။
ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေရေး၊ ကျောင်းနေ ကလေးတိုင်း အတန်းစဉ်ကူးပြောင်းသင်ယူနိုင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ယခုပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၏ ၇၀ ရာခိုင်နှုန်းခန့် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၉၂ ရာခိုင်နှုန်း ပညာသင်ကြားလျက်ရှိသည်။ ဖွင့်လှစ်ထားသောကျောင်းများ ဆက်လက်ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ခေတ္တပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အချိန်ပိုပြန်လည်သင်ကြားပေးပြီး ကလေးလူငယ်များ ပညာတတ်မြောက်ရေးကို နိုင်ငံတော်က စီစဉ်ဆောင်ရွက်ထားသည်။
ဘေးအန္တရာယ်ကျရောက်နိုင်သောဒေသများနှင့် ဝေးလံသောဒေသများမှ ပညာရေးနှင့် တည်ငြိမ်အေးချမ်းသည့် မြို့ပြကျေးလက်တို့ ပညာရေးကွာဟချက်မရှိစေရေးကို ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံသားအများစုသည် ဝင်ငွေအလယ်အလတ်ရှိသူများနှင့် ဝင်ငွေနည်းကြသူများဖြစ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့ပညာရေးကို ဆောင်ရွက်ပေးပြီး နိုင်ငံသားများ ပညာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရက ပညာရေးကို အလေးထားဆောင်ရွက်ပေးမှုနှင့် ကျောင်းသား၊ မိဘ၊ ဆရာများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်။ အထူးသဖြင့် သင်ကြားရေးတာဝန်ယူနေကြသည့် ဆရာ ဆရာမများအခန်းကဏ္ဍမှာ အရေးကြီးသည်။ အစိုးရကျောင်းများ၏ အရည်အသွေးနှင့်စံချိန်စံညွှန်းမီ သင်ကြားနိုင်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်က ဆရာ ဆရာမများကို လိုအပ်သည့် အရည်အသွေးမြှင့်သင်တန်းများ တက်ရောက်စေပြီးမှ တာဝန်ပေးအပ်လျက်ရှိသည်။ ဆရာများအနေဖြင့် ကျောင်းသား ကျောင်းသူများ အတန်းအောင်ရေးထက် ပညာတတ်များဖြစ်အောင် သင်ကြားပေးရန်လိုအပ်သည်။ ဒေသအလိုက် တာဝန်ထမ်းဆောင်နေသော ဆရာ ဆရာမများအား နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖြည့်ဆည်းပေးလျက်ရှိသကဲ့သို့ ဆရာ ဆရာမများ သင်ကြားရေးတာဝန်ကို လုံခြုံအေးချမ်းစွာဖြင့် ထမ်းဆောင်နိုင်ရေးဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဒေသတွင်း၌ စိတ်ချလုံခြုံစွာ ရပ်တည်နေထိုင်နိုင်ရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေများကို သိရှိနားလည်ထားရေးသည် အရေးကြီးသဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အထူးသဖြင့် KG+11 နှင့် KG+12 ကျောင်းသား ကျောင်းသူများအား ဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ တိုးပွားအောင်သင်ကြားပေးရန်လိုသည်။
နိုင်ငံတော်အစိုးရက နိုင်ငံအနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုကောင်းမွန်သော လူ့ဘောင်လောကကို တည်ဆောက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကို ခိုင်မာအောင်ဆောက်တည်ပေးလျက်ရှိရာ ဆရာ ဆရာမများ၊ မိဘ အုပ်ထိန်းသူများ၊ ကျောင်းသား ကျောင်းသူများက အသိဉာဏ်ရည်ပြည့်ဝသည့် ပညာတတ်များဖြစ်လာအောင်၊ နိုင်ငံကိုအကျိုးပြုသည့် သားကောင်းရတနာများ ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။