နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စည်ပင်သာယာရေးဥပဒေများ စိစစ်မှုဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသီတာစန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ မွန်နှင့်ရှမ်းတို့မှ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက Online ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စည်ပင်သာယာရေးဥပဒေများပါ ပြဋ္ဌာန်းချက်များ တစ်ပြေးညီဖြစ်စေရေးအတွက် ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်