နေပြည်တော် ဇူလိုင် ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ် (၅) ယှဉ်ပြိုင်မှုနှင့် ချစ်စရာ့အရွယ်ကစားကြမယ် ကလေးအစီအစဉ်ယှဉ်ပြိုင်မှု ရိုက်ကူးရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
လိုက်လံကြည့်ရှုလေ့လာ
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Convergence News Room, MRTV HD၊ MRTV News သတင်းထုတ်လွှင့်ခန်းများနှင့် သတင်း Studio များတွင် လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုလေ့လာကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေဆုံနှုတ်ဆက်အားပေးကြသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစဉ် ၂၀၁၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် သပိတ်ကျင်းမြေငလျင်ဒဏ်ကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ပင်မအဆောက်အဦတွင် ကြမ်းခင်း၊ နံရံနှင့်ကွန်ကရစ်လမ်းများ၌ အက်ကြောင်းများဖြစ်ပေါ်ပျက်စီးခဲ့မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ရေဒီယိုနှင့်ရုပ်မြင်သံကြား အသံသွင်း/အသံ ထပ်စတူဒီယို (Dubbing Studio) ခန်းတွင်ကျင်းပသည့် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာမျှဝေပေးရေး ရေဒီယိုဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပွဲစဉ် (၅) ကို နေပြည်တော်ကောင်စီနယ်မြေရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူငါးဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်ယှဉ်ပြိုင်ကြရမည်
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို အများပြည်သူစိတ်ဝင်စားမှုပိုမိုရရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး အသိပညာမျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှုရယူအားဖြည့်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ Radio ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ပွဲစဉ် (၅) ခုဖြင့် ကျင်းပလျက်ရှိရာ ပွဲစဉ်တစ်ခုစီမှ ပထမနှင့်ဒုတိယဆုရရှိသူနှစ်ဦးစီဖြင့် ရွေးချယ်ထားသည့် စုစုပေါင်း ၁၀ ဦးသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင်ကျင်းပမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြားဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် Audi-torium ခန်းမသို့ရောက်ရှိကြရာ မြန်မာအသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဇာတ်တော်ကြီးပြိုင်ပွဲအား လက်ခံကျင်းပနိုင်ရန်အတွက် MRTV Auditori-um ခန်းမအရွယ်အစား၊ Stage အမြင့်နှင့် ပရိသတ်ဝင်ဆံ့မှုတို့ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ MRTV Auditorium သည် အလျား ၄၈'၊ အနံ ၄၅'၊ အမြင့် ၃' ၄" ရှိသည့် ရိုက်ကူးရေးစင်မြင့် Stage ၊ အသံစနစ် ၊ Light-ing Bar ၊ Setting Bar ၊ Main Curtain ၊ Side Tab ၊ Intermedia-te Curtain နှင့် Elevator Stage များ ထည့်သွင်းတပ်ဆင်ထားရှိပြီး ပရိသတ် ၄၇၅ ဦးဝင်ဆံ့သည့် ရိုက်ကူးရေးခန်းမဖြစ်သည်။
ဆက်လက်၍ Auditorium ခန်းမတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံးချစ်သည် MRTV”သီချင်း နှင့် တေးသရုပ်ဖော်တို့ဖြင့် ဦးစွာဖျော်ဖြေတင်ဆက်ကြသည်။
လက်ဆောင်ပစ္စည်းများပေးအပ်
ထို့နောက် “ချစ်စရာ့အရွယ်ကစားကြမယ်” ကလေးအစီအစဉ် ရိုက်ကူးရေးဆောင်ရွက်မှုကို လူမှုဝန်ထမ်းဦးစီးဌာနကဖွင့်လှစ်ထားသည့် ဥတ္တရသီရိ မူလတန်းကြိုကျောင်းနှင့် အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း၊ ဒက္ခိဏသီရိမူလတန်းကြိုကျောင်းနှင့် ပျဉ်းမနားမူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြပြီး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြသည့် ကလေးငယ်များအား ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထုတ်လွှင့်ပြသလျက်ရှိ
အဆိုပါ ချစ်စရာ့အရွယ်ကစားကြမယ် ကလေးအစီအစဉ်ကို ၁၉၉၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့်ပေးခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ရပ်နားထားခဲ့ရာမှ ယခုအခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ညှိနှိုင်း ပေါင်းစပ်၍ မူလတန်းကြိုကျောင်းများမှ ကလေးငယ်များဖြင့် MRTV Auditorium ခန်းမတွင် အပတ်စဉ်ရိုက်ကူးလျက်ရှိပြီး ဇူလိုင်၂၀ ရက်မှစတင်၍ အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မူကြိုကျောင်းများမှ ဆရာဆရာမများ၊ တာဝန်ရှိသူများ၊ မိဘများ၊ ကလေးများနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ (၇၅) နှစ်မြောက် စိန်ရတုပြတိုက်တွင် ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်