Skip to main content

ယနေ့အချိန်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာမြင့်မားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၃၀

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အားပေးသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရမည်းသင်းတပ်နယ်တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ပါဝင်ကူညီခဲ့သည့် ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ဦးရွှေရိုး၊ ဒေါ်မိုးအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။

 ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းခန်းမ၌ကျင်းပရာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပညာဘဏ် တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် Video Clip ကို ပြသသည်။

ပြုစုပျိုးထောင်ပေး

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျောင်းသားလူငယ်များသည် နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများသည် မိမိတို့အားလုံးကို အသိပညာဗဟုသုတများအား ပေးစွမ်းနိုင်သည့်အတွက် ငယ်စဉ်အချိန်ကပင် ဖတ်ရှုလေ့လာကြရန်လိုအပ်ပါကြောင်း၊ ယနေ့အချိန်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာမြင့်မားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီးစာမဖတ်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီးစာပေလေ့လာဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့်လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် စာလည်းတတ်၊ စာလည်းဖတ်ပြီး အသိဉာဏ်ပညာပြည့်ဝစွာဖြင့် အနာဂတ်ကို လျှောက်လှမ်းနေကြရမည်ဖြစ်ကြောင်း၊ ယခု စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များမှသည် စာပေလေ့လာဖတ်ရှုသည့် အလေ့အထ‌ကောင်းများ ပေါ်ပေါက်လာအောင် မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများအတွက် DTH စလောင်းငါးစုံ နှင့် DVB T2 Set Top Box ၁၅ လုံးတို့အား ပေးအပ်လှူဒါန်းရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက လက်ခံရယူကြသည်။

ဆက်လက်၍ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့်ဖျော်ဖြေကြပြီး ရုပ်ရှင်အနုပညာရှင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ကစာစုံဖတ်မယ် ‌ကျောင်းသားအရွယ် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။

ယင်းနောက် ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်အတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

လှည့်လည်ကြည့်ရှုအားပေး

ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အကအဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ကာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်