နေပြည်တော် ဇူလိုင် ၂၉
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် Hybrid စနစ်ဖြင့် ကျင်းပသည်။ နိုင်ငံတော်တွင် အင်ဂျင်နီယာပညာရေးသည် ၁၉၂၃-၁၉၂၄ ပညာသင်နှစ်မှ စတင်ခဲ့သည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်သည်။
အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အရ ယခုအစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လာမည့်နိုဝင်ဘာလတွင် အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ဂုဏ်ပြုညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အနာဂတ်အင်ဂျင်နီယာပညာရေးဆိုင်ရာ မဟာ ဗျူဟာများ၊ လုပ်ငန်းစဉ်များကို ပူးပေါင်းချမှတ်နိုင်ရန်၊ မြန်မာ့အင်ဂျင်နီယာများ၏ နိုင်ငံ့အကျိုးပြု စွမ်းဆောင်နိုင်မှုသမိုင်းမှတ်တိုင်များကို လူငယ်များက အားကျအတုယူကြစေပြီး ခေတ်မီအင်ဂျင်နီယာနည်းပညာဆိုင်ရာ တီထွင်ဖန်တီးနိုင်မှုများကို ပိုမိုဖွံ့ဖြိုးလာစေကာ ပြည်သူများက အမှန်တကယ် အားထားရသည့် အင်ဂျင်နီယာလူငယ်ကောင်းများ ပိုမိုပေါ်ထွန်းလာစေရန်၊ University-Industry Collaboration ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန်၊ သုတေသနရလဒ်များကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်မှုကို မြှင့်တင်နိုင်ရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာအင်ဂျင်နီယာများ၏ အတွေ့အကြုံများနှင့် နည်းပညာဖလှယ်မှုကို ပိုမိုအားကောင်းလာစေရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပသွားရန်ရှိကြောင်း၊ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အစိုးရနည်းပညာကောလိပ်များမှ ကျောင်းအုပ်ကြီးများက အင်ဂျင်နီယာသမိုင်းကြောင်းဆိုင်ရာအချက်အလက်များ စုဆောင်းထားရှိမှုများ၊ သုတေသနစာတမ်းများနှင့် ပရောဂျက်များ၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ မိမိတို့ ဆောင်ရွက်ရမည့် ညီလာခံနှင့် ဂုဏ်ပြုအစီအစဉ်များသည် တစ်သက်တွင် တစ်ကြိမ်သာ ကြုံရသည့် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ရာ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ဝစွာကျင်းပနိုင်ရေး အင်တိုက်အားတိုက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်